ပြစ်မှုကြောင့် တိမ်းရှောင် ခိုအောင်းနေတဲ့ ထိုင်းနိုင်ငံသားဆီက ဘတ်ငွေ ခုနှစ်သိန်းယူတဲ့ ရဲကို ရဲတရားရုံးက စစ်ဆေးနေ
မဲခေါင်၊ ဒီဇင်ဘာ ၁၇
ရှမ်းပြည်အရှေ့၊ မိုင်းတုံမြို့နယ်က နားကောင်းမူးမှာ တရားမဝင်နေထိုင်တဲ့ ထိုင်းနိုင်ငံသားတစ်ဦးဆီက ဘတ်ငွေ ခုနှစ်သိန်းရယူထားတဲ့ ရဲစခန်းမှူးကို ရဲတရားရုံးက ဖမ်းဆီးစစ်ဆေးနေတယ်လို့ နားကောင်းမူးဒေသခံတွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံသားဟာ ထိုင်းနိုင်ငံရဲ့ မှောင်ခိုပြစ်မှုနဲ့ တိမ်းရှောင်ကာ မြန်မာနယ်စပ်ဒေသ မိုင်းတုံမြို့နယ်၊ နားကောင်းမူးမှာ တရားမဝင်လာရောက်နေထိုင်တာဖြစ်ပါတယ်။ ရဲကအဲ့ဒိ ထိုင်းနိုင်ငံသားကို ဖမ်းဆီးကာ ဘတ်ခုနှစ်သိန်းတောင်းယူပြီး ပြန်လွှတ်ပေးခဲ့ကိစ္စမှာ အုပ်ချုပ်ရေးပိုင်းနဲ့အဆင်မပြေရာကနေ ထိုင်းနိုင်ငံသားရော ငွေညှစ်တဲ့ ရဲစခန်းမှူးပါ ဖမ်းဆီးအရေးယူခံတာလို့ သိရပါတယ်။
“ အဲ ထိုင်းလင်မယားနေတာ ကြာပါပြီ၊ အုပ်ချုပ်ရေးက ဘာမှမလုပ်တာကို ရဲကလုပ်တာမှာ ငွေညှစ်တာ အရမ်းများလို့ ဖြစ်တာ” လို့နားကောင်းမူး ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
အဖမ်းခံရတဲ့ ထိုင်းနိုင်ငံသားလင်မယားကိုတော့ ဒီဇင်ဘာ ၁၁ညရက်က တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နားကောင်းမူးအနီးတဝိုက်မှာ တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်နေထိုင်တာတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းတုံမြို့ရဲ့ တောင်ဘက် ၂၅မိုင်ကွာဝေးတဲ့နားကောင်းမူးဟာ မိုင်းတုံမြို့ထက် လူဦးရေပိုများပြီး လက်ရှိ ‘ဝ’တောင်ပိုင်းစစ်ဒေသ ၁၇၁ ဌာနချုပ်ရှိတဲ့ ဟွေအောနဲ့ တစ်ဆက်တစပ်တည်း တည်ရှိနေတာ ဖြစ်ပါတယ်။
MK-012
#MekongNews








