RCSS က SSPP ကို မိုင်းဆွဲတိုက်ခိုက်
ကလေးငယ်နဲ့ မိသားစုသုံးဦး ဒဏ်ရာရ
မဲခေါင်၊ ဒီဇင်ဘာ ၁၇
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စုမှာ SSPP ရဲ့ ယာဉ်တန်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ရာမှာ ခရီးသည်တင်ယာဉ်ကို တိုက်ခိုက်မိတာကြောင့် သုံးလအရွယ်ကလေးငယ်နဲ့ မိသားစုဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒိဖြစ်စဉ်မှာ RCSS က မိုင်း ၂၁ လုံးအသုံးပြုခဲ့ရာ ၁၉ လုံးပေါက်ကွဲပြီး မကွဲသေးတဲ့မိုင်း နှစ်လုံးကို SSPP က ရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ရက် မနက်၉နာရီ ၁၀မိနစ်က ဖြစ်ပွါးခဲ့တဲ့ အဲ့ဒိဖြစ်စဉ်ကို SSPP ကသူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က(ဒီဇင်ဘာ ၁၆)မျှဝေထားပါတယ်။
တုံလောကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေတဲ့ SSPP စစ်ယာဉ်တန်းကို RCSS ကမိုင်းဆွဲတိုက်ခိုက်အပြီး တစ်မိနစ်အကြာမှာ အနောက်ကရောက်ရှိလာတဲ့ ခရီသည်တင်ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။
အဲ့ဒိတိုက်ခိုက်မှုကြောင့် SSPP ယာဉ် မိုင်းစထိမှန်တာနဲ့ အရပ်သားထိမှန်တာတွေ ဖေါ်ပြပေမယ့် တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်မှုအခြေအနေကို ဖေါ်ပြထားတာမရှိပါဘူး။
ခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံကျေးရွာအုပ်စု၊ နောင်လျှော်ကျေးရွာနေ ဆရာမ နန်းလောဝ်ဟွမ်ဖွေး ၂၅နှစ်နဲ့သမီးဖြစ်သူ နန်းအွန်ဖွေးဆိုင် ၁နှစ်အပါ အဝင် သုံးလသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာအရှိန်ကြောင့် သုံးလအရွယ်ကလေးငယ်မှာ နားအတွင်းပိုင်းက သွေးထွက်လွန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေဖြစ်ကြောင်းနဲ့ ဒဏ်ရာရရှိထားသူများတွေ ဆေးကုသမှုခံယူစေဖို့ ဒေသတွင်း ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဖော်ပြထားပါတယ်။
MK-012
#MeKongNews








