ပရာချင်ဘူရီခရိုင်အုပ်ချုပ်ရေးမှူးရဲ့ မွေးစားသား ပစ်သတ်ခံရ
မဲခေါင်၊ ဒီဇင်ဘာ ၁၂
ဒီဇင်ဘာ ၁၁ ရက်နေ့ညပိုင်း ဒေသစံတော်ချိန် ည ၈ နာရီ ၂၀ မိနစ်မှာ ထိုင်းနိုင်ငံ ပရာချင်ဘူရီခရိုင် အုပ်ချုပ်ရေးမှူး နေအိမ်ထဲက သေနတ်သံတွေကြားရတာကြောင့် ရဲတပ်ဖွဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ရပြီး ဝင်ရောက်သွားနိုင်ချိန်မှာတော့ အသက် ၄၈ နှစ်အရွယ် မွေထိုင်းလက်ဝှေ့သမား ချိုင်မတ်စ်ဆိုသူ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရှိရလို့ အိမ်ရှင်နဲ့ သံသယ တရားခံ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
လက်ဝှေ့လောကမှာ ဆော်ဂျော်တောင်လို့ လူသိများတဲ့ ချိုင်မတ်စ်ဟာ အုပ်ချုပ်ရေးမှူး ဆန်သွန်ဝီလာသွန် (၈၅ နှစ်)ရဲ့ မွေးစားသားဖြစ်သလို လက်ရဲဇက်ရဲ ညာလက်ရုံးအဖြစ်လည်း လူသိများပါတယ်။
အရင်ကခရိုင်တွင်း ဆောက်လုပ်ရေးစီမံကိန်း လုပ်ကွက်ပေးမှုမှာ မရိုးမသားလုပ်ခဲ့မှုအတွက် ဖမ်းဆီး စွဲချက်တင်ခံခဲ့ရသေးပြီး ၂၀၁၄ ခုနှစ်မှာတော့ အမှု ပလပ်ခံရလို့ အချုပ်က လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး ဆန်သွန်ရဲ့ သမီး ပညာရေးဒုဝန်ကြီးဟောင်း ကာနော့ဝမ်ဟာလည်း ပရာယွတ်လက်ထက်ကတည်းက ဖခင်ဖြစ်သူနဲ့အတူ ခိုရိုင်အမျိုးသားပန်းခြံမြေနေရာကို ခိုးယူအလွဲသုံးစားလုပ်မှုနဲ့ စွဲချက်တင်ခံရပြီး ၂၀၂၂ မှာ စွဲချက်ကာလလွန်သွား လို့ အမှုက လွတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
သေနတ်သံများစွာ ကြားရပြီးနောက် အိမ်လှေကားထိပ်မှာ သေဆုံးနေတဲ့ ဆော်ဂျော်တောင်ကို ရဲတပ်ဖွဲ့က တွေ့ရှိရပြီး သေနတ် ၂ လက်နဲ့ ကျည်တွေကိုပါ သိမ်းဆည်းလို့ ခရိုင်အုပ်ချုပ်ရေးမှူးအပါ ၇ ယောက်ကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ခင်း ထိုင်းသတင်းတွေမှာတော့ အိမ်တွင်း အခြေအတင် စကားများမှု အသံဖိုင်တွေ ထွက်ပေါ်လာရာမှာ လာမယ့် ခရိုင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆန်သွန်နဲ့ ဆော်ဂျော်တောင်တို့ ဘတ်ဂျက်ကိစ္စ၊ အခွန်ကိစ္စနဲ့ ရာဇဝတ်မှုမကင်းတဲ့ ပြောဆိုသံတွေကြားရပြီး အုပ်ချုပ်ရေးမှူး အတွက် ထောင်ကျခံခဲ့ရစဉ်မှာ ဘာအကူအညီအထောက်အပံ့မှ မရခဲ့လို့ ဆော်ဂျော်တောင်က ဘတ် သန်း ၂၀ ပေးဖို့ တောင်းဆိုပြီး မပေးရင် ဖော်ကောင်လုပ်မယ်လို့ အကျပ်ကိုင်ပြောဆိုရာက အခြေအတင်ဖြစ်ရင်း သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။
Ref: amarintv
MKF-001
#MeKongNews









