မိုးဗြဲအနီး တိုက်ပွဲအရှိန်ကြောင့် စပါးတွေ မမှည့်သေးဘဲ ရိတ်သိမ်းနေရ
မဲခေါင်၊ နိုဝင်ဘာ ၁၈
မိုးဗြဲအနီးတဝိုက် ထိတွေ့တိုက်ပွဲတွေကြောင့် မိုးဗြဲနဲ့ နန်းမယ်ခုံအနီးဝန်းကျင်ရှိ စပါးစိုက်ခင်းများ ရိတ်သိမ်းချိန်မဟုတ်ပဲ ရိတ်သိမ်းနေရတယ်လို့ တောင်သူတွေကပြောပါတယ်။
နိုဝင်ဘာလ ၁ ရက်ကစပြီး ဒီနေ့အထိ နန်းမယ်ခုံအနီး စစ်ကြောင်းထိုးလာမှာကို စိုးရိမ်နေတာကြောင့် ပိုင်ရှင်တွေက စပါးတွေကို စက်နဲ့ရိတ်သိမ်းတာ၊လက်နဲ့ရိတ်သိမ်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရိတ်ချိန်မတန်သေးပဲ ရိတ်သိမ်းတာဟာ စပါးအဖြစ်ထားရှိမယ်ဆိုရင် အထားခံပေမယ့် ဆန်အဖြစ် ကြိတ်ခွဲတဲ့အခါ အရည်အသွေးပိုင်းကိုထိခိုက်နိုင်ပါတယ်၊ ဒါပေမယ့် မရိတ်သေးပဲ အချိန်စောင့်နေရင် ဆုံးရှုံးမှာ စိုးရိမ်လို့ ရိတ်သိမ်းတာလို့ပြောပါတယ်။
“ရေအောက် မရောက်သွားတဲ့စပါးတွေပေါ့၊ အလုအယက်ရိတ်သိမ်းနေရတာ၊ စစ်ကြောင်းထိုးလာပြီဆိုရင် ရိတ်လို့မရဘူးလေနော်၊ ကောင်းကောင်းမမှည့်သေးတဲ့ အခင်းတွေအများကြီးရှိတယ်၊ ဒါပေမယ့်ရိတ်သိမ်းနေရတာပဲ”လို့တောင်သူတဦးကပြောပါတယ်။
မိုးဗြဲမြို့နဲ့အနီးတဝိုက်မှာ နိုဝင်ဘာလ ဒုတိယအပတ်ထဲ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေရှိနေတာကြောင့် တောင်ယာစိုက်ပျိုးသူတွေက စပါးတွေကောင်းကောင်းမမှည့်ပေမယ့် ရိတ်သိမ်းနေကြတာပါ။
နန်းမယ်ခုံအနီးနားက စပါး ဧက ၅၀၀၀ ကျော်က စက်တင်ဘာလ ရေကြီးချိန်က ရေနှစ်မြုပ်ကုန်လို့ ဆုံးရှုံးခဲ့ရပြီး ရေနစ်မြုပ်မှုကနေလွတ်တဲ့ စပါးခင်းတွေကိုလည်း စစ်ရေးအခြေအနေအရ အစောတလျင်ရိတ်သိမ်းနေရတာပဲ ဖြစ်ပါတယ်။
ကရင်နီပြည်မှာ ဆန်သယ်ယူခွင့် ပိတ်ခံရတာ၊ စပါးတွေရေနစ်မြုပ်တာတွေကြောင့် သုံးလတာကာလအတွင်း ဆန်တစ်အိတ်ကိုကျပ် ၉၀၀၀၀( ကျပ်ကိုးသောင်း)ကနေကျပ် ၁၁၀၀၀၀( ကျပ်တစ်သိန်းတစ်သောင်း)အထိ ကုန်စျေးနှုန်းမြင့်တက်လာတာတွေရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။
ဓါတ်ပုံ။ တောင်သူများပေးပို့
CJ-004
#MokengNews









