တောင်ကြီးတန်ဆောင်တိုင် ၄ ရက်အတွင်း လူ ၇၀ကျော် ဒဏ်ရာရရှိ
မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းမှာ ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော် ၄ ရက်တာကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ဦးကျော် ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က စတင်ကျင်းပနေတာဖြစ်ပြီး နိုဝင်ဘာလ ၁၄ရက်၊ ညပိုင်းအချိန်ထိ မီးပုံးပျံယမ်းထိခိုက်မိတာ၊ အမူးလွန်သတိလစ်မေ့မျောတာ၊ စကားများရန်ဖြစ်လို့ ထိခိုက်ဒဏ်ရာရတာ၊ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၇၀ကျော်ရှိနေတာဖြစ်ပြီး ဆိုင်ကယ်တိုက်မိတာနဲ့ ခိုက်ရန်ဖြစ်ပွါးခြင်းက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
“ရန်ဖြစ်တာနဲ့ ဆိုင်ကယ်တိုက်တာ၊ မှောက်တာတွေကတော့ ညတိုင်းနီးပါးပဲ၊ မိန်းခလေးတွေဆိုလည်း အမူးလွန်နေကြတာ၊ မီးရှူးမှန်တာတွေ၊ ယမ်းထုပ်ပြုတ်ကျတာတော့ကလည်း ညတိုင်းနီးပါးဖြစ်နေတာ၊ အသွားအလာသတိထားကြဖို့၊ ဂရုစိုက်ကြဖို့ပဲ ပြောချင်ပါတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဒေသခံတွေ၊ နယ်မြေကျွမ်းကျင်သူတွေမဟုတ်ဘဲ စစ်ဘေးရှောင်လာကြသူတွေ၊ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ ဒေသတွေ လာရောက်ကြသူတွေ အများစုဖြစ်နေပြီး ခါးပိုက်နှိုက်ခံရတာ၊ ဆိုင်ကယ်ပျောက်ဆုံးတာတွေလည်း ဆက်တိုက်ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင်ဖွင့်ပွဲညက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာရောက်တဲ့ လူငယ်စုံတွဲကို ကံကြီးရပ်ကွက်၊ မသက် ထမင်းဆိုင်အနီးမှာ လူတစုက i-phone 11 pro goldအမျိုးအစား ဖုန်းတစ်လုံးကို လုယက်ယူဆောင် သွားသလို ကျောင်းကြီးစုရပ်ကွက်၊ ရပ်တော်မူဘုရားအနီးမှာလည်း နေအိမ်အတွင်း ဝင်ရောက်ခိုးယူနေတဲ့ သူခိုးတစ်ဦးကို ရပ်ကွက်နေပြည်သူ တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လုံခြုံရေးအင်အားထူထပ်စွာနဲ့ ကျင်းပနေတာဖြစ်ပြီး ၂/မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို စစ်ဆေးမှုတင်းကြပ်ထားသလို ပွဲဝင်ပေါက်မှာလည်း ပွဲလာလည်သူအားလုံးကို X-Rayစက်တွေနဲ့ စစ်ဆေးပြီးမှသာ ဝင်ရောက်ခွင့်ပြုနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-ပေးပို့
CJ-003
#MekongNews
#တောင်ကြီး
#တန်ဆောင်တိုင်ပွဲ
#ဒဏ်ရာရ ၇၀
#ရန်ဖြစ်
#ဆိုင်ကယ်တိုက်








