မဲခေါင်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လိုင်စင်မဲ့ကားတွေကိုဖမ်းပြီး ကားကိုသိမ်းဆည်းကာ လူကိုလည်းထောင်ချမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့ ကားလောကအသိုင်းအဝိုင်းနဲ့ မြို့ခံတွေထံက သိရပါတယ်။
လာမယ့် အောက်တိုဘာ၃၁ရက်နေ့ကစပြီး တန်ဆောင်တိုင်ရက်ဝန်းကျင်အထိ ဖမ်းဆီးမှာလို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ကြောင်း တောင်ကြီးမြို့ခံကားပွဲစားတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“အရင်လို ညှိထုတ်လို့မရဘူးပြောတယ်။ လတ်တလော အရောင်းအဝယ်မလုပ်ဖို့နဲ့ မစီးကြဖို့ (အာဏာပိုင်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက) ပြောတယ်။ ကားသိမ်းပြီး လူထောင်တစ်လလို့လည်း ပြောတယ်” လို့ သူကပြောပါတယ်။
တောင်ကြီးမြို့မှာ ကားတွေများလာပြီး စည်းကမ်းမဲ့ကားရပ်လို့လမ်းပိတ်တာ၊ ယာဉ်တိုက်တာတွေကြောင့် ဖမ်းဆီးမှာလို့ အကြောင်းပြပေမယ့် ဖမ်းဆီးသူတွေအတွက် လာဘ်ငွေပိုတောင်းလို့ကောင်းအောင် ဖန်တီးပေးသလိုဖြစ်နေတယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးမယ့်နေရာတွေက ကလောနဲ့ ရွာငံအဝင်၊ ကလော တိုးဂိတ်အကျော်၊ အောင်ပန်းမြို့အဝင်၊ ဟဲဟိုး သံလမ်း၊ တောင်လေးလုံးနဲ့ခေါင်တိုင်လမ်းဆုံ၊ ညောင်ရွှေ-ရွှေညောင် လမ်းဆုံတွေအပါအဝင် နေရာ ၁၀နေရာထပ်မနည်းမှာ အဖွဲ့စုံနဲ့ စစ်ဆေးဖမ်းဆီးမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိတောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလထဲပြုလုပ်မယ့် တန်ဆောင်တိုင်အတွက် ရှာဖွေစစ်ဆေးမှု အရင်ကထက်ပိုမိုတိုးမြင့်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာလအတွင်းမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်တဲ့အဖွဲ့က နယ်စပ်ကနေ တရားမဝင် ဝင်ရောက်နေတဲ့ ကုန်စည်တွေကို တင်သွင်းခွင့် ပိတ်ဆို့ဖို့၊ တင်သွင်းထားတဲ့ ကုန်ပစ္စည်းတွေကို လိုက်လံရှာဖွေဖမ်းဆီးဖို့ ကြေညာခဲ့ပြီးနောက် လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုပါ ဖမ်းဆီးမယ်ဆိုတဲ့ အသံတွေ ထွက်လာတာဖြစ်ပါတယ်။
MK – 012
တောင်ကြီးမှာ လိုင်စင်မဲ့ကားတွေ ဖမ်းပြီး ထောင်ချမယ်လို့ သတင်းတွေထွက်
မဲခေါင် 29 Oct - 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လိုင်စင်မဲ့ကားတွေကိုဖမ်းပြီး ကားကိုသိမ်းဆည်းကာ လူကိုလည်းထောင်ချမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့ ကားလောကအသိုင်းအဝိုင်းနဲ့ မြို့ခံတွေထံက သိရပါတယ်။








