မဲခေါင်၊ အောက်တိုဘာ ၂၅
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့တောင်ဒေသက ကျေးရွာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနောက်ပိုင်း အိုးအိမ်ဆုံးရှုံးမှုများစွာ ရှိခဲ့ပြီး လူနေအိမ်အဆောက်အဦး၊ လမ်းတံတားတွေ ပြန်လည်ပြင်ဆင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
“Backhoe တွေနဲ့တော့ စတူးနေပြီ။ တူးလို့ရသလောက်အထိတော့ တူးသွားမယ်။ ဒီချိန်က ရိက္ခာတွေဘာတွေထက် ပြန်လည်ထူထောင်ရေး လိုတာပါ။ ရိက္ခာလည်း မလိုတာတော့ မဟုတ်ဘူးပေါ့။ လေလောဆယ်က အနာနဲ့ဆေးတည့်ဖို့ ပိုအရေးကြီးတယ်” လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
ခေါင်းနွဲ့တောင်ဒေသက နေအိမ်တွေဟာ မြေကြီးထဲ နစ်မြုပ်နေဆဲ ဖြစ်သလို လမ်းတံတားနဲ့ သစ်ပင်တွေလည်း ကျိုးကျပျက်စီးနေဆဲ ဖြစ်ပြီး တစ်စစီပျက်စီးသွားတဲ့ အဆောက်အဦးတွေလည်း ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။
ခေါင်းနွဲ့ကျေးရွာအုပ်စုက ခေါင်းနွဲ့၊ အိမ်ခေတ်၊ နောင်ပိန်၊ လပ်လှိုင်းကုံလွမ်၊ နောင်နိမ့် စတဲ့ကျေးရွာတွေက အကူအညီ ပိုလိုအပ်နေပြီး ရွာခံတွေက လွိုင်လင်မြို့ပေါ်မှာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်၊
“ရေဘေးတစ်ခုတည်းတော့ မဟုတ်ဘူး။ ငလျင်လည်း ပါတယ်။ ငလျင်လှုပ်လို့ တောင်ကွဲပြီး ချောင်းဖြစ်သွားတာ။ ချောင်းလည်းဖြစ်ရော အဲဒီကနေ ရေက ဆက်တိုက်ဝင်လာပြီး တစ်ရွာလုံးမြုပ်ကြတာ။ ကျနော်တို့ရွာက ခိုင်နှင်းဝေတို့ ဝေဠုကျော်တို့လည်း မလာဘူး။ အကုန်လုံးက ကိုယ်ထူကိုယ်ထပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခေါင်းနွဲ့ကျေးရွာအုပ်စုအတွင်း ရေကြီးရေလျှံမှုများကြောင့် လူနေအိမ် ၂၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ၄၀ နီးပါး သေဆုံးခဲ့တဲ့အပြင် ၁၀ ဦးကျော်ကလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းက လွိုင်လင်၊ ညောင်ရွှေ၊ ဖယ်ခုံမြို့နယ်တို့မှာ ရေကျသွားခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးအတွက် လူအား၊ ငွေအား အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
MK-014















