မဲခေါင်၊ အောက်တိုဘာ ၁၈
ရှမ်းအရှေ့၊ မိုင်းဆတ်မှာ ပြီးခဲ့တဲ့ရေဘေးကြောင့် ကျိုးကျခဲ့တဲ့ ဆိုက်ခေါင်တံတား မနေ့က မနေ့ အောက်တိုဘာ ၁၇ရက် နေ့လည်ပိုင်းမှာ ရေထပ်တိုးလို့ ထပ်မံကျိုးကျသွားတယ်လို့ သိရပါတယ်။
နမ့်ခုတ်ချောင်းရေ တိုးလာလို့ ယာယီတည်ဆောက်ထားတဲ့ ဆိုက်ခေါင်တံတားအောက်ခြေတိုင်တွေ ယိုင်နဲ့ပြီး အပေါ်ဝိတ်အားကြောင့်ပါ ကျိုးကျသွားတာလို့ ဒေသခံတွေကပြောပါတယ်။
“တံတားက ပြီးတော့မှာ၊ ကားသွားလမ်းခင်းဖို့ဘဲကျန်တာ၊ ခုတော့ တစစီပြန်ဖြုတ်၊ ပြန်လုပ်နဲ့ အနည်းဆုံး ၁ လလောက် နောက်ဆုတ်သွားရပြီ”လို့ မိုင်းဆတ် ဒေသခံတစ်ဦးက ပြောပါတယ်။
ယခင်ကျိုးသွားတဲ့တံတားနေရာကို ယာယီ ၂ ထပ် သံပေါင် ဘေလီတံတား အစားထိုးတည်ဆောက်မှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ယင်းတံတားပြီးပါက တန် ၃၀ ခန့်အထိ ကုန်တင်ကားတွေ သွားလာနိုင်မယ်လို့ သိရပါတယ်။
ယင်း ဆိုက်ခေါင်တံတားကျိုးကျနေလို့ နမ့်ခုတ်ချောင်းကို စက်လှေ ဖောင်တွေနဲ့ လူ ၁ ဦး ကျပ် ၁ သောင်းနဲ့ပစ္စည်းတွေ လက်မလည်အောင် သယ်နေရကာ ဖိုးဝှီးကားငယ်တွေကတော့ မိုင်းတုံက မိုင်းဆတ်အဝင် မယ်နင်ကျေးရွာက ‘ဝ’စစ်ဒေသ ၁၇၁၊ ဝမ်ဟုန်ကြိုးတံတားက ပတ်ကာ တာချီလိတ်ဘက်သွားကားလမ်းက နမ်ကျန်းကနေတဆင့်သွားလာနေရတယ်လို့ သိရပါတယ်။
တာချီလိတ်-မိုင်းဆတ် လမ်းက အဓိကဆက်သွယ်ရေးဖြစ်တဲ့ ဆိုက်ခေါင်တံတားကျိုးပျက်နေလို့ တာချီလိတ်ဘက်က စက်သုံးဆီကအစ ကုန်စုံနဲ့ လုပ်ငန်းသုံးပစ္စည်းတွေ ပြတ်လပ်မှုမရှိအောင် သယ်ယူနေရလို့ သယ်ဆောင်ခကအစ စျေးကြီးနေတာကြောင့် အဆိုပါ ဆိုက်ခေါင်တံတား အမြန်ပြီးစီးနိုင်ဖို့ မိုင်းဆတ်၊ မိုင်းတုံဒေသခံတွေ အထူးမျှော်လင့်နေကြရတယ်လို့ သိရပါတယ်။
MK-012








