မဲခေါင်၊ အောက်တိုဘာ ၁၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ ရေကြီးနစ်မြုပ်မှုအတွင်း ကူမင်တန်တရုတ်ဖြူတပ်တွေ တူးဖော်ဖောက်လုပ်ခဲ့တဲ့ သမိုင်းဝင်နမ့်ဟောင်ခယ်ချောင်း ရေကြောင်းပြောင်းလို့ ဒေသခံလူထုတွေ စိုက်ရေသုံးရေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာပြည်ကို ကူမင်တန် တရုတ်ဖြူဝင်ရောက်ချိန်အတွင်း ၁၉၅၂ခု နှစ်မှာ မိုင်းတုံကို အခြေပြုလာတဲ့ တရုတ်ဖြူတပ်မ ၃/၅ ကတပ်ဖွဲ့ဝင်ထောင်ချီနဲ့ မြို့မြောက်ဘက်မှာစီးဆင်းနေတဲ့ နမ်တုံချောင်းရေကို မြို့ကိုဖြတ်သန်းစီးဆင်းစေဖို့ တူးမြောင်းဖောက်ခဲ့ပြီး အဲဒီရေမြောင်းကို နမ့်(ရေ) ဟောင် (မြောင်း) ခယ်(တရုတ်) နမ့်ဟောင်ခယ်ချောင်းလို့ ခေါ်တွင်ခဲ့တာလို့ ဒေသမှတ်တမ်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်ကစတဲ့ ရေကြီးနစ်မြုပ်မှုအတွင်း နမ့်တုံချောင်း ရေကြောင်းပြောင်းပြီး နမ့်ဟောင်ခယ်ချောင်းအတွင်း ရေမစီးတော့လို့ အဲဒီချောင်းရေကို အဓိကအားထားအမှီပြုသုံးစွဲနေရတဲ့ ဒေသခံတွေ ရေအခက်အခဲတွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ရေကျသွားထဲက ရေမလာတော့တာ။ သုံးစွဲဖို့ အဓိကရေ မရှိတော့ ရေကြောင်းပြောင်းသွားတဲ့ နမ့်တုံချောင်းဆီ အဝေးကြီးသွားနေရတော့တယ်။ အဲဒီချောင်း (နမ့်ဟောင်ခယ်) ရေတင်စိုက်ရတဲ့လယ်တွေ၊ ရွာတွေလဲ အတော်အခက်တွေ့နေပြီ။ ခု ၁လကျော်လာပြီ တာဝန်ရှိသူတွေ အမြန်ပြုပြင်ပေးသင့်နေပြီ” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
မိုင်းတုံမြို့က မြို့မရပ်ကွက်၊ နောင်ပါရင်၊ ဝမ်မိုင်၊ ဖာချယ်၊ ဟောင်လီစတဲ့ ရွာတွေက စပါး၊ ကြက်သွန်ဖြူစိုက်ခင်းတွေအတွက်လိုအပ်တဲ့ ရေကို အဲဒီနမ့်ဟောင်ခယ်ချောင်းက အဓိက ရယူသုံးစွဲနေသလို မြို့လူထုအားလုံး ချိုးရေ၊ သုံးရေအနေနဲ့ လွယ်လွယ်ကူကူ သုံးစွဲနေရတာဖြစ်လို့ မြို့နေလူထု အများစု အခက်အခဲဖြစ်နေတာလို့ ဒေသတွေက ပြောပါတယ်။
အဲဒီ တရုတ်ဖြူလုပ်ချောင်း(နမ့်ဟောင်ခယ်ချောင်း)ဟာ အရှည် ကိုက်တစ်ထောင်ကျော်၊ အနက်ပျှမ်းမျှ ၆ ပေခန့်၊ အကျယ် ပေ၂၀ခန့်ရှိကာ၂၀၁၉ခုနှစ် NLD အစိုးရလက်ထက်က သဲနူံးတွေကြောင့် တိမ်လာတဲ့ချောင်းအောက် ခြေကို တူးဖော်ခဲ့ပြီး မြေသားနံရံတွနေရာ မှာ ကွန်ကရစ်နံရံတွေနဲ့အခိုင်အမာ ပြန်လည်တည်ဆောက်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းတုံမှာ ပြီးခဲ့တဲ့ရေဘေးအတွင်း မြို့ကိုပတ်စီးနေတဲ့ နမ့်ညု၊ နမ့်တုံ၊ ၆မိုင်နဲ့ အရှေ့ကျောက်တောင် တောင်ကျချောင်းတွေ ရေကြီးရေလျှံဖြစ်တာမှာ လူတစ်ဦးသေဆုံးပြီး တံတားတွေပျက်စီးကာ စိုက်ပျိုးသီးနှံနဲ့လယ်တွေ အများအပြား ပျက်စီးဆုံးရှူံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
MK – 012








