မဲခေါင်၊ အောက်တိုဘာ ၇
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးနဲ့ မောက်မယ်မှာ မိုးသည်းထန်တာကြောင့် တောင်ကျချောင်းရေကျပြီး နမ့်တိန်းနဲ့ နမ့်ယွမ်းချောင်းရေ ပြန်လည်မြင့်တက်ကာ တတိယအကြိမ်ရေကြီးမှု ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ၅ရက်နဲ့ ၆ရက်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းတာဖြစ်ပြီး မောက်မယ်က ထပ်မံရေကြီးမှုမှာ မြို့ပေါ်က မွေတော်ရပ်ကွက်၊ ဈေးတန်းရှိ အနိမ့်ပိုင်းရပ်ကွက်နဲ့ နမ့်ယွမ်းချောင်းဘေးက ကုန်းလမ်းရပ်ကွက်၊ ဆီဆုံရပ်ကွက်တို့မှာ ရေတွေဝင်ရောက်မှုတွေရှိလာလို့ လူတွေ ရေလွတ်ရာ ပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ရွှံ့နွံတွေ ရှင်းလို့မပြီးသေးဘူး၊ ညက မိုးသည်းတော့ ရေထပ်ကြီးတာ။ အခုတစ်ခေါက်ကရေစီးပိုသန်တယ်”လို့ မောက်မယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၁၀ရက်နဲ့ အောက်တိုဘာလ၂ရက်နေ့တွေမှာ မြို့ရဲ့စံချိန်တင် ရေကြီးခဲ့ပြီး မြို့တွင်းသစ်သားတံတား ၃ စင်း ရေထဲမျောပါသွားသလို လယ်ယာတွေလဲရေမြုပ် ပျက်စီးကုန်တယ်လို့ သိရပါတယ်။
အလားတူ လင်းခေးမှာ နမ့်တိန်းချောင်းရေတက်လို့ ချောင်းဘေးကားလမ်းရေကျော်နေသလို ဝမ်ဟတ်တိုက်နယ်၊ နားကုန်းရွာမှာ ရေတက်နေတယ်လို့ သိရပါတယ်။
လင်းခေးခရိုင်ထဲက လင်းခေး၊ မောက်မယ်ကနမ့်တိန်း၊ နမ့်ယွန်းချောင်းတွေဟာ မိုးသည်းထန်စွာ ရွာသွန်းပါက တောင်ကျချောင်းရေနဲ့ပေါင်းကာ မြင့်တက်လေ့ရှိပြီး အခုရေကြီးတာဟာ ဒီမိုးရာသီအတွင်း တတိယအကြိမ် ဖြစ်တယ်လို့ ဒေသခံထံက သိပါတယ်။
MK – 012














