မဲခေါင်၊ စက်တင်ဘာ ၇
တာချီလိတ်မှာ ရေဘေးသင့်ပြီးနောက်ပိုင်း အိမ်ဖောက်ထွင်းမှုနဲ့ ပစ္စည်း ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ဒေသခံတွေဆီက သိရပါတယ်။
ရေမြုပ်ပြီး လမ်းဘေးနားရပ်ထားတဲ့ကားတွေက တာယာနဲ့ စက်ပစ္စည်းခိုးယူမှု၊ နေအိမ်ဖောက်ထွင်းခိုးယူမှုတွေအပြင် မီးကြိုး၊ ဝါယာကြိုးခိုးယူမှု စတဲ့ ခိုးမှုပေါင်းစုံဖြစ်ပွားနေတာပါ။
“အိမ်ရှေ့မှာ လူခဏလေးမရှိတာနဲ့ ခြံဝင်းထဲက ပစ္စည်းတွေကောက်ယူသွားတာ ကီလိုသမားလိုလိုနဲ့ တစ်ချို့တွေက လမ်းကြားတွေထဲပတ်ကြည့်နေကြတာ။ အိမ်ရှေ့ရပ်ထားတဲ့ ကားဘီးကအစ ဖြုတ်ယူသွားကြတယ်။ သူခိုးတွေသောင်းကြမ်းနေတာ” လို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါအပြင် နေအိမ်အတွင်းလူမရှိခိုက် နေ့ခင်းမှာ အိမ်ဖောက်ခံရတဲ့အတွက် ထိုင်းဘတ်ငွေ၊ ယွမ်ငွေ အပါအဝင် အတွင်းပစ္စည်းတွေပါသွားတယ်လို့ ဒေသခံတစ်ဦး လူမှုကွန်ယက်ပေါ် တင်ထားတာလည်း တွေ့ရပါတယ်။
ရေဘေးသင့်ခဲ့တဲ့ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းနဲ့ မယ်ခေါင်ရပ်ကွက်တွေထဲမှာ ပစ္စည်းတွေဖောက်ထွင်းခိုးယူခံခဲ့ရတာတွေလည်း ရှိနေတာပါ။
တာချီလိတ်မှာ လက်ရှိ ရေကျသွားပေမယ့် တစ်ချို့နေအိမ်တွေမှာ အိမ်ပိုင်ရှင်တွေမရှိတဲ့အတွက် သူခိုးတွေသောင်းကြမ်းနေပြီး ရေမော်တာကအစ မီးကြိုးခွေအဆုံး ခိုးယူခံနေရတာ ဖြစ်ပါတယ်။
MK-002








