မဲခေါင်၊ စက်တင်ဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ် ကယန်းဒေသ၊ ဆီးဘူးကျေးရွာမှာ မီးလောင်သေဆုံးခဲ့တဲ့ ကျောင်းဆရာမ တစ်ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာ ၂၅)မှာ သဂြိုဟ်ပေးခဲ့ပြီး နာရေးကျင်းပခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကယန်းပြည်သစ်ပါတီ(KNLP)ရဲ့ လက်အောက်ခံ ကယန်းအမျိုးသား ပညာရေးကော်မတီ (KNEC)က ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင် ကိုယ်ထူကိုယ်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦးဟာ စက်တင်ဘာလ ၂၃ ရက်နေ့ညက မီးလောင်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
“ပေါ့ဆမီးလို့တော့ ပြောတာပဲ။ အတည်ပြုချက်တော့ မရဘူး။ လက်နက်ကြီး ဘာညာကြောင့် မဟုတ်ဘူး။ ကယန်းဒေသမှာက တိုက်ပွဲမရှိဘူး” လို့ နီးစပ်တဲ့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ သက်လတ်ပိုင်းအရွယ် CDM ဆရာမ နော်ဒီဇင်ဦး ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်၊ ဆိုကလောကျေးရွာဇာတီဖြစ်ပြီး နာရေးကို သူရဲ့ အိမ်မှာပဲ မိသားစုဝင်တွေနဲ့အတူ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အတူနေထိုင်တဲ့ ဇနီးမောင်နှံ ၂ ဦးကတော့ ရွာသားတွေ အချိန်မီ ကယ်ဆယ်နိင်ခဲ့တာကြောင့် လွတ်မြောက်သွားပြီး ဆရာမ နော်ဒီဇင်ဦးရဲ့ ရုပ်အလောင်းကတော့ ဦးခေါင်းနဲ့ ခြေလက်အင်္ဂါတွေ မရှိတော့ဘူးလို့ နာရေးသွားရောက်ခဲ့သူတွေက ပြောပါတယ်။
ကယန်းဒေသတွင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပညာရေး ဝန်ကြီးဌာန (MOE)နဲ့ KNEC တို့က ကိုယ်ထူကိုယ်ထကျောင်းတွေ အပြိုင်ဖွင့်လှစ်ထားပြီး တစ်နှစ်ထက် တစ်နှစ် ကျောင်းအပ်သူဦးရေ ပိုတိုးလာကြတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








