မဲခေါင်၊ စက်တင်ဘာ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ပေါ်က ကျေးရွာအားလုံးနီးပါးမှာ ရေဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မဲနယ်တောင်ဒေသ အဝင်လမ်းဖြစ်တဲ့ ထမ်းအယ်ကျေးရွာမှာ တောင်ကျရေတွေကြောင့် လမ်းပျက်စီးနေပြီး သွားလာရခက်ခဲနေတဲ့အတွက် ကူညီမယ့်သူတွေ မလာရောက်နိုင်သေးဘူးလို့ ဆိုပါတယ်။
“လမ်းက ကားတစ်စီးစာပဲ ရှိတာ။ အရင်ကလည်း မျက်နှာချင်းဆိုင်တွေ့ရင် တစ်စီးက ဟိုးအနောက်ဆုံးအထိ ဆုတ်ပေးရတာ။ ခုတော့ လမ်းအခြေနေနဲ့ ဘယ်လို ဆုတ်မလဲ။ ကူညီတဲ့ ကားတွေလည်း မှောက်ကြတော့ သိပ်မလာရဲကြဘူး” လို့ စငေါရွာခံ တစ်ဦးက ပြောပါတယ်။
ထမ်းအယ်ရွာလမ်းဟာ မဲနယ်တောင်ပေါ်က ကျေးရွာအားလုံးကို ဆက်သွယ်ထားတာ ဖြစ်ပြီး အဲဒီ လမ်းကို မဖြတ်ဘဲ ဘယ်ရွာကိုမှ ဝင်လို့ မရဘူးလို့ သူက ဆက်ပြောပါတယ်။
အလားတူ ဗန်းစောက်နဲ့ စငေါကျေးရွာကနေလည်း ထမ်းအယ် အပါအဝင် ကျန်တဲ့ ရွာအားလုံးကို သွားလာလို့ မရသေးဘဲ သူတို့ ၂ ရွာတည်းသာ အချင်းချင်း သွားလာလို့ရတယ်လို့ သိရပါတယ်။
“မိသားစု ၆ ယောက်လုံး မြေအောက်ရောက်သွားတာတောင် မရှာနိုင်သေးဘူး။ ပျောက်တဲ့သူတွေက အလောင်းတောင် ပြန်မရလောက်ဘူး ထင်တယ်။ အဲဒါတွေထက် စားဖို့တောင်မှ အချင်းချင်းမျှနေရတာ။ အခုချိန်တော့ ဘယ်အလှူရှင်မှ မလာရဲလောက်ဘူး” လို့ မဲနယ်တောင် ဒေသတွင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
မဲနယ်တောင်ပေါ်က ကျေးရွာတွေမှာ စက်တင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ခန့်မှန်းခြေ ၂၇၀ ကျော် ပျက်စီးခဲ့ပြီး လူ ၄၀ ကျော် အလောင်းပြန်ရခဲ့တယ်လို့ ကနဦး သိရပါတယ်။
လက်ရှိမှာ မဲနယ်တောင်ဒေသတွင်း ရေကျသွားပေမယ့် ပျောက်ဆုံးနေသူ အများစု ရှာမတွေ့သေးသလို တစ်ရွာနဲ့ တစ်ရွာ သွားလို့ မရသေးတာကြောင့် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ ရာဂီမုန်တိုင်း အဖျားခတ်မှုကြောင့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိ ဒေသတချို့မှာ ရေအနည်းငယ် ကျသွားပေမယ့် စက်တင်ဘာ ၁၉ ရက်အထိ မိုးရွာသွန်းနိုင်သေးတာကြောင့် သတိထားနေကြဖို့ မိုးလေဝသ ခန့်မှန်းချက်က ကြေညာထားပါတယ်။
MK-014








