မဲခေါင်၊ စက်တင်ဘာ ၁၇
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့၊ မြို့တွင်းရပ်ကွက်တွေမှာ ဒီနေ့ (စက်တင်ဘာ ၁၇) မနက်ပိုင်း ရေတက်နှုန်း ထပ်မြင့်တက်နေပြီး အိမ်အပေါ်ထပ်တွေအထိ နစ်မြုပ်လာပြီလို့ မြို့ခံတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲရေကာတာကို စစ်ကောင်စီက မနေ့ (စက်တင်ဘာ ၁၆) ညနေပိုင်းမှာ ဖွင့်ချလိုက်တာကြောင့် ရေ ၂ ပေထပ်တက်လာပြီး ရေကြီးရေလျှံ ဖြစ်နေတာပါ။
“အိမ်အပေါ်ထပ်ထိ ရေဝင်နေပြီ။ ဘယ်လိုလုပ်ရမလဲ။ အင်းထဲက လှေရှိသေးတယ်။ ဘာနဲ့စားရမလဲ။ ဘယ်လိုသွားရမလဲ။ အကူအညီလည်း မရဘူး။ MRTV မှာတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းနေတယ်တဲ့။ ရေကြီးတဲ့နေရာ ဘာအထောက်ပံ့မှ မရပါဘူး” လို့ ဒေါနိုကူးရပ်ကွက်မှာ နေထိုင်နေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ အဆိုးဆုံး ကြုံတွေ့နေရတဲ့ ရပ်ကွက်တွေက နမ့်ကွတ်၊ မင်္ဂလာ၊ ဒေါနိုးကူး တို့ ဖြစ်ပြီး ရှမ်းပိုင်း၊ မင်းစု၊ ရွှေတောင်၊ မှုံပြာ စတဲ့ရပ်ကွက်တွေမှာလည်း မကြာခင် အချိန်အတွင်းမှာ အိမ်အပေါ်ထပ်တွေ နစ်မြုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လွိုင်ကော်မြို့ခံတွေဟာ ရေမဝင်သေးတဲ့ ရပ်ကွက်တွေနဲ့ သာသနာ့ဗိမာန်တို့မှာ ယာယီ ခိုလှုံနေရပြီး ပိတ်မိနေသူ တချို့ကိုတော့ ကယ်ဆယ်ရေး မလုပ်နိုင်သေးဘူးလို့ မြေပြင်အခြေအနေ ထောက်လှမ်းနေသူ တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း မိုးဗြဲမြို့ တိုက်ပွဲတွေကြောင့် ရေကာတာဝန်ထမ်းတွေဟာ တိမ်းရှောင်နေရပြီး နားလည်တတ်ကျွမ်းတဲ့ ဝန်ထမ်းတွေ မရှိတော့တာကြောင့် စစ်ကောင်စီက ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အဲဒီ ရေကာတာဟာ အင်းလေးကန်ကနေ စီးဝင်လာတဲ့ ရေတွေကို ထိန်းထားပြီး ဘီလူးချောင်းကနေတဆင့် လွိုင်ကော်မြို့မှာ ရှိတဲ့ လောပိတရေအားလျှပ်စစ်ကို လည်ပတ်နေတာပဲ ဖြစ်ပါတယ်။
“သူတို့က ထိန်းချင်တယ် လုပ်ပြချင်တယ်။ ခက်တာက နားမလည်ကြဘူး။ အင်းထဲမှာလည်း ရေကတအား တက်လာပြီဆိုတော့မှ သူတို့က ဖောက်ချတာ။ တကယ်က ရေမကြီးခင်ကတည်းက ကြိုဖောက်ရင် စိုက်ပျိုးရာသီလည်း တောင်သူတွေအတွက် အဆင်ပြေတယ်။ အိမ်လည်း မမြုပ်ရဘူး” လို့ ရေကာတာအကြောင်း နားလည်သူက ရှင်းပြပါတယ်။
စစ်ကောင်စီက မိုးဗြဲရေကာတာကို မဆင်မခြင် ဖောက်ချပြီးနောက် ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ်က လယ်ဧကပေါင်း ၄ ထောင်ကျော် ရေမြုပ်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင် ၃ သောင်းကျော်လည်း ရေဘေးကြောင့် ထပ်မံတိမ်းရှောင်နေရပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံ ဖြစ်ပေါ်နေပြီး ရာဂီ မုန်တိုင်း အဖျားခတ်မှုကြောင့် စက်တင်ဘာ ၁၉ ရက်အထိ မိုး များနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းချက်က သတိပေးထားပါတယ်။
MK-014












