မဲခေါင်၊ စက်တင်ဘာ ၁၆
ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ်က ဒေသတွေမှာ ရေဘေးကြောင့် လယ်ဧက ၄ ထောင်ကျော် ပျက်စီးဆုံးရှုံးပြီး လူပေါင်း ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ်က ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော စတဲ့ မြို့နယ် ၅ ခုမှာ ရေကြီးရေလျှံ စဖြစ်ပွားတဲ့ စက်တင်ဘာလ ၉ ရက်နေ့ကနေ ဒီနေ့ (စက်တင်ဘာ၁၆) အထိ ကောက်ယူထားတဲ့ စာရင်းတွေပဲ ဖြစ်ပါတယ်။
“ကရင်နီပြည် ရေကြီးတာက မိုးဗြဲရေကာတာ ဖွင့်ချလို့။ အာဏာသိမ်းပြီးနောက်ပိုင်း ရေကာတာမှာက ဝန်ထမ်းမရှိတော့ဘူး။ စစ်တပ်က ထိန်းထားတာ။ အမှန်ဆို ရေကို လိုအပ်တဲ့ နွေရာသီမှာဖွင့်ချရမှာ။ သူတို့က နားမလည်တော့ လိုတဲ့ချိန်မဖွင့်ဘဲ ရေကြီးမှ ကြောက်အားလန့်အား ဖွင့်ချတာ။ မဖွင့်ရင်လည်း အင်းလေးက ရေမကျတော့ဘူး” လို့ မိုးဗြဲမြို့ခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ လယ်ဧက ပျက်စီးမှုအနေနဲ့ ဖယ်ခုံမြို့နယ်မှာ ဧက ၃ ထောင်ကျော်၊ ဒီးမော့ဆိုမြို့နယ်မှာ တစ်ထောင်ကျော်ရှိပြီး လူသေဆုံးမှုတွေလည်း ရှိပေမယ့် ရှာဖွေနေဆဲဖြစ်တာကြောင့် လာမယ့်ရက်တွေရောက်မှ ထုတ်ပြန်ပေးသွားမယ်လို့ လူမှုကူညီရေး အသင်းဝင်တွေက ဆိုပါတယ်။
နေအိမ်ပျက်စီးမှု အနေနဲ့လည်း ဖယ်ခုံမှာ စစ်ဘေးရှောင်စခန်း ၃ ခုနဲ့ အိမ်ခြေ ၂၅ လုံး၊ ဒီးမော့ဆိုမှာ စစ်ဘေးရှောင်စခန်း ၇ ခု၊ ဖရူဆိုမှာ အိမ်ခြေ ၃၀၊ ရှားတောမှာ စစ်ဘေးရှောင်စခန်း ၃ ခု စုစုပေါင်း ၆၈ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေလည်း ၃ သောင်းကျော်ရှိလာပြီး စားဝတ်နေရေး အကူအညီအပြင် လာမယ့် ပြန်လည်ထူထောင်ရေး အတွက်လည်း အကူညီတွေ လိုအပ်နေပါတယ်။
“MRTV မှာလာတဲ့ ဝန်ကြီးချုပ် ကူညီနေတာတွေက ရေမကြီးတဲ့ ရပ်ကွက်တွေ၊ ခြေမျက်စိလောက်ပဲ ရေရှိတဲ့ နေရာတွေမှာ ဟန်ရေးပြတာပါ။ တစ်အိမ်လုံး မြုပ်တာတွေက ဘာအကူညီမှ မရသေးပါဘူး။ ကရင်နီကို အဖမ်းခံရမှာကြောက်လို့ မကူရဲကြဘူး။ ၂ ရက်လောက်မှ တစ်ခါ ထမင်းစားရတာတွေလည်း ရှိတယ်။ ကရင်နီပြည်မှာ အကူအညီတွေ အများကြီးလိုနေပါတယ်” လို့ ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တဲ့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်ရဲ့မြို့တော် လွိုင်ကော်မြို့က မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရွှေတောင်၊ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ ချိကယ်၊ ဒေါတမ၊ ရေနီကန် စတဲ့ရပ်ကွက်တွေမှာလည်း ရေဝင်ရောက်လာပြီ ဖြစ်တာကြောင့် လွိုင်ကော်မှာ ခေတ္တခိုလှုံနေသူတွေက နောက်တစ်နေရာ ထပ်ပြောင်းဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးနီးပါးမှာ စစ်ဘေးနဲ့ ရေဘေး ၂ ခုထဲက တစ်ခုခုနဲ့ ကြုံတွေ့နေရပြီး ကရင်နီပြည်ကတော့ ၂ မျိုးလုံး ကြုံတွေ့နေရတဲ့အပြင် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေထက် အကူအညီ မရှိသလောက် နည်းပါးနေတယ်လို့ စစ်ဘေးရှောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
MK-014














