မဲခေါင်၊ စက်တင်ဘာ ၁၃ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ ရေကြီးရေလျှံဖြစ်မှုတွေကြောင့် မြို့လယ်ခေါင်အထိ စက်လှေတွေ ဝင်ရောက်သွားလာနိုင်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့အနီးက ကျီးဖြူကန် ဖောက်ချလာတာကြောင့် မနေ့ (စက်တင်ဘာ ၁၃) မနက်ပိုင်းကတည်းက ရေတက်နှုန်း နာရီနဲ့အမျှမြင့်တက်လာပြီး တစ်မြို့လုံး ရေလွှမ်းသွားတာလို့ ဆိုပါတယ်။
“မြို့ထဲတော်တော် မောင်းဝင်လို့ရပြီ။ ငါးတွေတောင် မြင်နေရတယ်။ ပိတ်မိနေတာတွေ ရှိတယ်။ ကယ်လို့ မရသေးဘူး” လို့ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
ညောင်ရွှေ – ရွှေညောင် – အေးသာယာ – တောင်ကြီးလမ်း အပါအဝင် အင်းလေးကန်ပတ်လမ်း အရှေ့လမ်းနဲ့ အနောက်လမ်း ၂ ခုလုံးလည်း ရေလွှမ်းနေပြီး တောင်ကြီးသွားမယ့်သူတွေကတော့ ညောင်ရွှေ – စက်မှုဇုန် – အေးသာယာ လမ်းတစ်ခုတည်းကသာ အသုံးပြုလို့ရတော့တယ်လို့ သိရပါတယ်။
လတ်တလော ခွေးသေကန် အနီးမှာ လူ ၁၀ ဦးထက်မနည်း ပိတ်မိနေပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးဆောင်ရွက်ဖို့ ခက်ခဲနေပါတယ်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာလည်း အရေးပေါ် ရွှေ့ပြောင်းနေရပြီး မဲခေါင်သတင်းဌာနနဲ့ ဖုန်းလိုင်းအဆက်သွယ် မရသေးတဲ့အတွက် အသေးစိတ် မသိရသေးပါဘူး။
မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံ ဖြစ်ပေါ်နေပြီး Yagi မုန်တိုင်းအဖျားခတ်မှုကြောင့် စက်တင်ဘာ ၁၉ ရက်နေ့အထိ မိုးများနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်အရ သိရပါတယ်။
MK-014


















