မဲခေါင်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်ဒေသ လုဲင်းကင်းကျေးရွာဟာ တောင်ကျချောင်းရေကြောင့် နေအိမ် ၁၀၀ နီးပါးအထိ ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ညကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေကာ တောင်ကျချောင်းရေ မြင့်တက်လာမှုကြောင့် ဟိုပုံးမြို့ထဲက နေအိမ်တွေထဲလည်း ရေဝင်ရောက်နေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အိမ်တွေကလည်း ပျက်စီးသွားတယ်။ လူတွေလည်း တချို့က ဘေးကင်းတယ်။ အသက်ပါသွားတဲ့လူတွေလည်း ရှိတယ်ရှင့်”လို့ ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။
လူနေအိမ်တွေ၊ ကားလမ်းတွေဟာ တောင်ကျချောင်းရေအဆက်မပြတ်စီးဆင်းမှု ကြောင့် အများအပြားထိခိုက်ပျက်စီးသွားပြီး အင်တာနက် တခါတရံ ပြတ်တောက်ကာ MPT ကဒ်တမျိုးပဲ ဆက်သွယ်လို့ရတယ်လို့ သိရပါတယ်။
အင်တာနက်လိုင်း၊ ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေကို အချက်အလက်ကိုတော့ အတိအကျမသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဟိုပုံးမြို့ရှိ နောင်ခါးပေါက်၊ နောင်တောင်းပေါက်၊တောင်ရပ်ကွက် နယ်မြေ ၄၊ အမှတ် ၁ ကျောင်း၊လုံဟေး၊ လုဲင်းကင် နဲ့ ထမ်စမ်းဂူတို့မှာ တမြို့လုံးနီးပါးကလည်း ရေကြီးရေလျှံမှုဒဏ်ကို ခံနေကြရပြီး ကယ်ဆယ်ရေးသမားတွေက ကူညီကယ်ဆယ်နေကြပေမယ့် အင်အားမလုံလောက်တာကြောင့် အကူအညီတွေလည်း လိုအပ်နေသေးတယ်လို့ သိရပါတယ်။
CJ-004













