မဲခေါင်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ရေတက်နှုန်း ထပ်မြင့်လာပြီး အိမ်ခြေအားလုံးနီးပါး ရေလွှမ်းနိုင်တာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့(ဩဂုတ် ၁၁)က ရေတက်နှုန်းမြင့်လာတဲ့ နောက်ပိုင်းမှာ တောင်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးက ကျီးဖြူကန်ကို ဖောက်ချလိုက်ရတာကြောင့် အဲဒီရေတွေဟာ ညောင်ရွှေမြို့နယ်တွင်းကို စီးဝင်လာတဲ့အပြင် သာစည်ကန်ကရေတွေလည်း လမ်းမတွေပေါ်အထိ ဝင်ရောက်လာပြီလို့ ဆိုပါတယ်။
“ရေတအားတက်တော့ အိမ်ကမမြုပ်သေးဘူး ဆိုပေမယ့် လန့်နေရတယ်။ စက်လှေမောင်းရင် အိမ်ကို ရေလှိုင်းလာလာ ရိုက်တာ။ လန့်တောင် နှိုးတယ်။ ညလည်း သတိနဲ့ အိပ်ရတယ်။ ရေတက်လာရင် ပိတ်မိနေမှာစိုးလို့” လို့ ညောင်ရွှမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်လအတွင်း မိုးဗြဲဆည်က လွှတ်ချတဲ့ရေ၊ ကျီးဖြူကန်က ဖောက်ချတဲ့ရေ၊ ကလောမြို့နယ်နဲ့ တောင်ကြီးမြို့နယ်တို့က စီးဆင်းလာတဲ့ ရေတွေဟာ ညောင်ရွှေမြို့နယ်တွင်းမှာ လာရောက်စုပုံနေပြီး လာမယ့်ရက်တွေမှာ မိုးဆက်ရွာခဲ့ရင် အန္တရာယ်ရှိနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
လက်ရှိမှာ ရွှေညောင်ဈေး၊ ညောင်ရွှေမြို့ ရပ်ကွက်အများစုနဲ့ လမ်းနေရာတွေမှာ ရေစတင်နစ်မြုပ်နေပြီး အင်းလေးဒေသမှာလည်း အောက်ထပ်နေအိမ်တွေ စတင်နစ်မြုပ်လာတဲ့အပြင် ဖောင်တောင်ဦးဘုရား အောက်ထပ်ဆိုင်ခန်းတွေကိုပါ ဝင်ရောက်ဖို့ လက်မအနည်းငယ်သာ လိုတော့တယ်လို့ သိရပါတယ်။
“အင်းလေးနဲ့ ညောင်ရွှေက တစ်ဆက်တည်းလေ။ တောင်တွေပတ်လည်ကာပြီး အလည်မှာ ချိုင့်ဝှမ်းလို ဖြစ်နေတော့ ဒီထဲကိုပဲ ပြန်စီးမှာပဲလေ။ အင်းလေးက ပိုနိမ့်တော့ ပိုစိုးရိမ်ရတာပေါ့” လို့ စက်လှေမောင်းသူ တစ်ဦးက ပြောပါတယ်။
အင်းလေး တောင်ပိုင်း၊ စံကားအင်းမှာတော့ မနှစ်က ရေတက်နှုန်းကို မီဖို့အတွက် ၂ လက်မ လိုသေးပေမယ့် ဖောင်တော်ဦးဘုရား အနီးတစ်ဝိုက် အင်းအလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ ၂၀၀၅ ခုနှစ် ရေတက်နှုန်း အမြင့်ဆုံးစံချိန်ကို ကျော်လွန်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း ညောင်ရွှေမြို့နဲ့ နီးစပ်တဲ့ တောင်ကြီးမြို့မှာ ရေကြီးရေလျှံမှုကြောင့် ဆိုင်ကယ် ၁၀ စီးကျော်ရေထဲမျှောပါ ပျောက်ဆုံးခဲ့ပြီး ဒီနေ့လည်း စိုးရိမ်နေရသေးတယ်လို့ မြို့ခံတွေဆီက စုံစမ်း သိရပါတယ်။
MK-014














