မဲခေါင်၊ စက်တင်ဘာ ၁၁
ရှမ်းတောင် နေရာတော်တော်များများမှာ စံချိန်တင် ရေကြီးမှုတွေဖြစ်ပေါ်နေပြီး တောင်ကြီးမြို့နယ်အတွင်းက တချို့ရပ်ကွက်နေရာတွေမှာ ကား၊ ဆိုင်ကယ်တွေ မျောပါတဲ့အထိဖြစ်လာတယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မိုးများတာကြောင့် တခါမှရေမကြီးဖူးတဲ့ နေရာတွေမှာပါ ရေကြီးရေလျှံဖြစ်နေလို့ တိမ်းရှောင်ရတာတွေလည်း ရှိနေပါတယ်။
ဒီမနက်ပိုင်းမှာ တောင်ကြီး၊ ဝါးပြားလမ်းဆုံက ရေကန်ဖောက်ချလိုက်တဲ့အတွက် ရပ်ကွက်တွေနဲ့ လမ်းတွေမှာ အလုံးအရင်းနဲ့ ရေဝင်ရောက်မှုကြောင့် ကားနဲ့ဆိုင်ကယ် မျောပါတာတွေရှိပြီး လူနဲ့ တိရိစ္ဆာန်တွေပါ မျောပါတာမဖြစ်အောင် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ဖို့ လိုအပ်နေပြီလို့ ဒေသခံတွေ အချင်းချင်းသတိပေးတာတွေ တွေ့ရပါတယ်။
“ထ ၂ ကန်က ရေတွေတက်လာလို့ ဖောက်ချလိုက်ပြီ။ အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တွေ ရေဝင်နေပြီ။ ဘုရားဖြူလည်း ရေတွေကြီးနေတယ်။ မိုးဆက်တိုက်ရွာတာလည်း ၄၊ ၅ရက်ရှိပြီ “လို့ ဒေသခံတဦးက ပြောပါတယ်။
တောင်ကြီးမြို့ ပလီလင်း မှာ ပြီးခဲ့တဲ့ နာရီပိုင်းက ဆိုင်ကယ်နဲ့ ကားတချို့ ရေထဲမျောပါသွားတာတွေရှိခဲ့သလို ဘုရားဖြူရပ်ကွက်မှာလည်း ကားနဲ့ဆိုင်ကယ်တွေ ရေမြုပ်တာတွေ ဖြစ်နေပါတယ်။
တောင်ကြီးမြို့အခြေစိုက် လူမှုကူညီရေးအသင်းတွေ နဲ့ မီးသတ်တပ်ဖွဲ့က စားနပ်ရိက္ခာ အကူညီပေးတာ၊ ရေမြုပ်တဲ့ကားတွေကို ကရိန်းနဲ့မပြီးဆွဲထုတ်ပေးတာတွေ ရှိပေမယ့် နေရာထိုင်ခင်း အကူအညီပေးဖို့အတွက် ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တွေနဲ့ ပြည့်နေတာကြောင့် ကူညီဖို့ခက်နိုင်တယ်လို့ သိရပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၇၀၀ ကျော်မှာ မြို့တည်ထားတဲ့ တောင်ကြီးမြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်တာလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေညောင်မြို့၊ ကလောမြို့၊ပင်လောင်းမြို့၊ ညောင်ရွှေမြို့၊ ဟိုပုံးမြို့တွေမှာ တမြို့လုံးနီးပါး ရေမြုပ်တာတွေရှိကာ အုတ်တံတိုင်းပြိုကျတာတွေရှိပြီး နေရာထိုင်ခင်း ရွေ့ပြောင်းဖို့အတွက် အခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုရပါတယ်။
တောင်ကြီးမြို့ရဲ့ မြောက်ဘက် ပလီလင်းရွာအနီးက တောင်ကျရေအဆမတန်ကျဆင်းလာတာကြောင့် ကားနဲ့ဆိုင်ကယ်တွေ မျောပါသွားတာတွေရှိတယ်လို့ သိရပါတယ်။
အင်းလေးမှာလည်း အရင်နှစ်တွေထက် ရေမြင့်တက်မှုများတာကြောင့် ဒေသခံတွေရဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးတာ၊ လယ်ယာတွေ ရေမြုပ်တာတွေရှိတယ်လို့ သိရပါတယ်။
CJ-001
CJ-004














