မဲခေါင်၊ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ်တွေမှာ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာငံ၊ ပင်းတယ၊ ရပ်စောက်၊ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး စတဲ့နေရာတွေရဲ့ ရပ်ကွက်အချို့မှာ ရေကြီးရေလျှံနေကာ နေအိမ်အတွင်း ရေဝင်ရောက်တာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
“ရွှေညောင်စျေးထဲတော့ ရေတော်တော်လေးဝင်ပြီး စျေးဆိုင်တန်းဘက်တွေ ရေမြုပ်နေပြီ။ မိုးကလည်း ဆက်တိုက်ရွာနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာငံ မြိုင်ကျေးရွာနဲ့ ရွာငံမြို့ကြား ရေတက်ခြင်းများ၊ အောင်ပန်းမြို့ရှိ ရပ်ကွက် ၃၊ အောင်ပန်းမြို့အဝင် သာမိုင်ခမ်းချောင်း တံတားပေါ် ရေကျော်ခြင်းများ ၊ အေးသာယာဆည်နှင့် ကျီးဖြူကန်မှ ဆည်ရေများ ဆက်တိုက်မြင့်တက်ခြင်းများ၊ ကလောမြို့နယ်က ကလောချောင်းရေတက်ပြီး ရေမြုပ်ခြင်းများ ၊ ရွှေညောင်မြို့နယ်မှ လူနေရပ်ကွက်များ၊ ရွှေညောင်-ရပ်စောက်သွားလမ်းရှိ လူရိုးတောင်ရွာနဲ့ ရေပူရွာကြား ကားလမ်းမပေါ်ရေကျော်ခြင်းများ၊ သာစည်ကန်နှင့် အင်းလေးကန်မှ ရေတက်နေပြီး ညောင်ရွှေလှေဆိပ်မှ ဆိုင်ခန်းများ လူနေရပ်ကွက်များ ၊ ပင်းတယရှိ ပုန်းတလုက်ကန်ရေတက်နေပြီး ပင်းတယ-ဘော်ဆိုင်း ကားလမ်းတွင် ရေကျော်ခြင်းများဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ကြီး-အောင်သပြေ အတက်အဆင်းလမ်းမှာ မြေပြိုမှုတွေလည်းရှိနေကာ မြို့ပေါ်ရပ်ကွက်က တောင်ကမ်းပါးယံတချို့ ပြိုကျနိုင်ခြေရှိလို့ စိုးရိမ်ရမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းမှုတွေဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ပြည်သူအများအပြား ရေဘေးအန္တာရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Kalaw Travelling, Japan gyi
CJ-004














