မဲခေါင်၊ စက်တင်ဘာ ၃
စစ်ကောင်စီက အပိုထောက်ပံ့ကြေးပေးတာမှာ နိုင်ငံရေးပင်စင်တွေကိုလည်း မပေးသလိုစစ်တပ်က အရပ်ဖက် အသွင်ပြောင်း လစာ ၂ ခု နှစ်သီးစားတွေလည်း မရဘူးလို့ သိရပါတယ်။
အပိုထောက်ပံ့ကြေး ကျပ် ၃ သောင်းကို ၂၀၂၄ ခုနှစ် ၊ သြဂုတ်လက စတင်ပေးရာမှာ မြန်မာ့စီးပွားရေးဘဏ်တွေအနေနဲ့ စစ်ကောင်စီရဲ့ လမ်းညွှန်ချက်နဲ့လုပ်နေတယ် လို့သိရပါတယ်။
“အခုပေးတဲ့အပိုထောက်ပံ့ကြေးကို နိုင်ငံရေးပင်စင်သမား မရဘူး၊ ပင်စင်ယူပြီးဝန်ကြီး ဌာန တစ်ခုခုမှာ ဝန်ထမ်းလစာရနေရင်လဲ မပေးဘူး၊ တပ်က အရပ်ဖက် ဝင်လုပ်နေလဲ မရဘူး ၊ အခု တပ်ပင်စင်ရနေတာကနေ တပ်ထဲ ပြန်လုပ်နေလည်း မရဘူး၊ အရှင်းဆုံးဆိုရရင် ပင်စင်တစ်ခုပဲ ရမယ်၊ မိသားစုပင်စင်ဆိုလည်း တစ်ခုပဲရမယ်”လို့ စီးပွားရေးဘဏ်မန်နေဂျာတစ်ဦးထံ မဲခေါင်က ဆက်သွယ်မေးမြန်းလို့ သိရပါတယ်။
နိုင်ငံရေးပင်စင်ကို NLD အစိုးရလက်ထက်ကတည်းက လွှတ်တော်မှာ ပေးဖို့/မပေးဖို့ အခြေအတင် ဆွေးနွေးခဲ့ပြီး ပေးခဲ့တာဖြစ်လို့ စစ်ကောင်စီအနေနဲ့ မပေးတာဖြစ်နိုင်တယ်လို့ ပင်စင်စားတစ်ဦးက မှတ်ချက်ပြုပါတယ်။
အငြိမ်းစားလစာ(ပင်စင်)တွေ ယေဘူယျ မှာ မြို့ပြ(အရပ်)၊ ကာကွယ်ရေး(စစ်တပ်)နဲ့ နိုင်ငံရေးပင်စင်တွေအနက် အခုတိုးပေးတဲ့ ကျပ် ၃၀၀၀၀ ကို နိုင်ငံရေးပင်စင်တွေမပေးဘဲ မြို့ပြပင်စင်တစ်ခုနဲ့စစ်တပ်က အရပ်ဖက်ပြောင်း နှစ်သီးစားတွေကို ပင်စင်တစ်ခုသာ ခံစားခွင့်ရှိတာလို့ သိရပါတယ်။
“တစ်ဦး ၃ဝဝဝဝ စီ၊ ပင်စင် ၂ ကတ်ကိုင်လို့ ၆၀၀၀၀ မရပါ၊ ၃ဝဝဝဝ သာ၊တပ်ပင်စင် စား လက်ရှိဝန်ထမ်း ၆ဝဝဝဝ မပေးပါ မရပါ ၃ဝဝဝဝ သာ”လို့ စစ်ပင်စင်စား ၁ ဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာရယူပြီးတဲ့နောက် ၂၀၂၃ အောက်တိုဘာလကစပြီး ကျပ်၃သောင်း ပထမအကြိမ်ပေးခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ထပ်မံတိုးမြင့်ခဲ့တာ ဖြစ်ပါတယ်။
MK-012









