မဲခေါင်၊ သြဂုတ် ၃၀
ရှမ်းမြောက်၊ သီပေါမြို့နယ် စဥ့်အင် တံတားကို ပြင်ဆင်ပြီးဖြစ်လို့ ယနေ့မှာ ခရီးသွားကားတွေ ဖြတ်သန်းသွားလာလို့ရပြီလို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့က တိုက်ပွဲအတွင်း ကျိုးကျသွားတဲ့တံတားကို MNDAA တပ်တွေကပြင်ဆင်ပြီးလို့ ပြန်လည် သွားလာနိုင်ကြတာလို့ သိရပါတယ်။
“ဖောင်နဲ့ကူးစရာမလိုတော့လို့ ခရီးကြန့်ကြာရတာ ကွင်းလမ်းက သွားရတာတွေ မရှိတော့ဘူး”လို့ ခရီးသွား ယာဥ်မောင်း ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လောလောဆယ်တော့ ဘာကောက်ခံမှုမှမရှိသလို ဘယ်လူမျိုးမဆို မသင်္ကာတာကလွဲလို့ ဘာစစ်ဆေးမှုမှ မရှိသေးဘူးလို့ သိရပါတယ်။
တံတားအခြေအနေမှာ ယခင် မပျက်စီးစဥ်အနေအထားမျိုး တွေ့ရလို့ ကားကြီးတွေပါ ဖြတ်သန်းနိုင်မယ်လို့ ဆိုပါတယ်။
မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမပေါ်က တံတား တွေ ပြန်လည်ကောင်းမွန်ပြီး ငွေတောင်းဂိတ်တွေနည်းပါက ယခင်ကလို စျေးနှုန်း ၄ သောင်းဝန်းကျင်နဲ့ နေ့ချင်းပြန် မောင်းနှင်နိုင်ဖို့ ပြန်မျှော်လင့်တယ်လို့ ၎င်းက ဆိုပါတယ်။
လတ်တလောမှာတော့ ရှမ်းတောင် လွယ်လင်ဘက်က ပတ်တဲ့လမ်းကြောင်းမှာ ကားခ ၁ဦးကို ကျပ် ၄ သိန်းရှိပြီး ဗထူးက သွားရပါက ကျပ် ၃သိန်းရှိနေကာ ကျပ်၂သိန်းသာရှိတဲ့ နောင်ချို ဘန့်ဘွေး အုမ္မတီးလမ်းကတော့ စစ်ဖြစ်နေလို့ပိတ်ထားတယ်လို့ သိရပါတယ်။
MK-012









