မဲခေါင်၊ ဩဂုတ် ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဩဂုတ်လ တတိယပတ်အတွင်း မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးရက်ဆက် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး လူနေအိမ်နဲ့ ကားလမ်းတွေအပေါ် ရေတွေဝင်ရောက်နေတာကြောင့် သွားရေးလာရေး ခက်ခဲနေတာပဲ ဖြစ်ပါတယ်။
“မိုးကနေ့တိုင်း ရွာတယ်။ အခုပဲ တိတ်သွားတာ။ မိုးရွာတိုင်း ရေတက်တာပဲ။ မိုးနည်းနည်း ရွာတာနဲ့ မြို့ထဲ ရေဖုံးလွှမ်းသွားပြီ။ တော်တော် စိတ်ပျက်စရာ ကောင်းတယ်” လို့ ဝမ်ကောင်းရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ဝမ်ကောင်း၊ မယ်ခေါင်၊ ဆန်ဆိုင်း၊ မကာဟိုခမ်း၊ တာလော့၊ ဝမ်မိုင်၊ ပုန်းထွန် စတဲ့ရပ်ကွက်တွေမှာ အိမ်အောက်ထပ်တွေအထိ ရေဝင်နေပြီး တာလော့ရပ်ကွက်က အဆိုးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ဒီနှစ်အတွင်း ရေကြီးရေလျှံ ၅ ကြိမ်တိတိ ဖြစ်ပါ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က တာချီလိတ်မြို့မှာ ၂ ကြိမ်တိတိ ရေကြီးခဲ့ပေမယ့် ဒီနှစ်လောက်တော့ အခြေအနေ မဆိုးခဲ့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
“အိမ်တွေ ရေဝင်ရုံပါပဲ။ မမြုပ်သေးဘူး။ ရေကြီးတာက အဓိက မြောင်းပိတ်လို့။ မြောင်းဆည်တာလည်း မမြင်ဘူး။ လမ်းတွေလည်း စုတ်ပြတ်နေတာပဲ။ စည်ပင်ကကောင်တွေ ဘာမှမလုပ်ဘူး။ ဘီးခွန်ကောက်တဲ့ အချိန်ပဲ တွေ့တယ်” လို့ တာချီလိတ်မြို့တွင်း ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်း နေရာအများစုမှာ ရေကြီးရေလျှံ ဖြစ်နေပြီး ပြည်သူတွေ အနေနဲ့ ရေဘေးရော စစ်ဘေးအတွက်ပါ စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။
MK-015










