မဲခေါင်၊ သြဂုတ် ၂၁
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ် စော်တော့ရွာမှာ သြဂုတ်လ ၁၉ ရက်ကစပြီး ၀တပ်ဖွဲ့ က ညမထွက်ရ အပြင် လမ်းတွေပါ ပိတ်ထားလို့ ဒေသခံတွေ သွားလာရေး ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။
ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းတိုက်နယ်က စော်တော့ရွာ အရှေ့ဘက်နယ်မြေတွေက အများပြည်သူသွားလမ်းတွေကို စစ်ရေးလှုပ်ရှားနေတဲ့ “၀”တပ်ဖွဲ့ ကလမ်းတွေ ပိတ်ပြီး ကန့်သတ်လိုက်တာကြောင့် ဒေသခံတွေ စိုက်ပျိုးနေရာတွေ၊ အခြားရွာဒေသကို သွားလာရတာ ခက်ခဲကုန်တယ်လို့ သိရပါတယ်။
“ဒီအတိုင်း လမ်းလျှောက်သွားရင်တော့ ရတယ်ပြောတယ်၊ ကြောက်လို့ ဘယ်သူမှ မသွားကြဘူး၊ ၃ ရက်ပဲ ပိတ်တာလို့လဲပြောတယ်၊ ရွာဘက်တွေလဲ ဗုံးကွဲတာတွေ ရှိတယ်၊ ဖာလဲရွာဘက်မှာ ဗုံးကွဲတာ၊ စစ်ဖြစ်မှာကြောက်လို့ ခြံတွေလည်း မသွားရဲကြဘူး၊ ပြီးတော့ ညမထွက်ရဘူးလို့လဲအမိန့်ထုတ်ထားတာ၊ သူတို့ကို ဘယ်သူမှ ဘာမှ မပြောရဲဘူး”လို့ ဒေသခံ အမျိးသမီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တံဆိပ်မပါတဲ့ ယူနီဖေါင်းအစိမ်းတွေသာ ဝတ်ထားပေမယ့် ”၀”တပ်ဖွဲ့လို့ သိရခြင်းမှာ အသားမဲပြီး စကားသံအရ သိရကြောင်းနဲ့ ရှမ်းစစ်သားမှာ အသားဖြူပြီး ရှမ်းစကားပြောလို့ သိရတာလို့ဆိုပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကတဲက တရားဝင်စာမထုတ်ပေမယ့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာဖြစ်ပြီး အခုမှ အသွားအလာကန့်သတ်ကာ လမ်းတွေပိတ်လာတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ကလည်း စစ်ကောင်စီက လေယာဉ်နဲ့ စော်တောရွာ အရှေ့ခြမ်းမှာ ဗုံး ၃လုံးကြဲချခဲ့သလို စနင်းတေင်ဘက်လဲ ဗုံး ၄ လုံးကြဲချခဲ့ပါတယ်။
မိုင်းပျဉ်းတိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်၊ UWSA နဲ့ SSPP တပ်ဖွဲ့တွေ လှုပ်ရှားနေတာဖြစ်ပြီး အချိန်မရွေး စစ်ဖြစ်နိုင်တဲ့အခြေအနေရှိတာဖြစ်လို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်စွာနဲ့ နေ နေရတယ်လို့ သိရပါတယ်။
MK-012








