မဲခေါင်၊ ဩဂုတ် ၁၆
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ခရမ်းချဉ်သီး(ကုန်းပေါ်သီး)တွေဟာ ဩဂုတ်လ ဒုတိယပတ်တွင်းမှာ ဈေးနှုန်းဆက်တိုက် ကျဆင်းလာတယ်လို့ ဒေသတွင်း စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေက တစ်ပိသာ ၅ ထောင်ကျပ်ကနေ တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ပြီးခဲ့တဲ့ အပတ်က ၂,၅၀၀ ကျပ်ဈေးနှုန်းအထိ ရရှိသေးပေမယ့် လက်ရှိမှာတော့ တစ်ထောင်ကျပ်ဝန်းကျင်သာ ပေါက်ဈေး ရှိတော့တယ်လို့ ဆိုပါတယ်။
“ဒေါ်လာဈေး၊ ရွှေဈေးက တက်ပါတယ်ဆိုမှ ခရမ်းချဉ်သီးက ဈေးမရတော့ ဘယ်လို စားသောက်ရတော့မလဲ။ တစ်ပိဿာဈေးက ထမင်းတစ်ပွဲတောင် မရတော့ဘူး” လို့ ပင်လောင်းဒေသခံ စိုက်ပျိုးတောင်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ဈေးကျရတဲ့ အကြောင်းအရင်းဟာ ကုန်းပေါ်သီးနဲ့ အင်းသီးတိုက်ပြီး အသီးပေါများလွန်းနေတာ၊ စစ်ပွဲအခြေအနေတွေကြောင့် တင်ပို့ရန် ခက်ခဲတာ၊ မိုးရက်ဆက် ရွာသွန်းမှုတွေကြောင့် အသီးမလှတာ စတဲ့ အကြောင်းအရင်းတွေကြောင့်လို့ သိရပါတယ်။
“အရင်တစ်ခေါက်က စစ်ပွဲကြောင့် မပို့ရဘူးဆိုပေမယ့် အသီးရှားတော့ ဈေးကောင်းရတယ်။ ရောင်းမလောက်ဘူး။ အခုက ဈေးကွက်ထဲမှာ အသီးက ပုံနေတာပဲ” လို့ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
အရင်က ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးတွေကို ရှမ်းပြည်မြောက်ပိုင်း အပါအဝင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ တရုတ်နိုင်ငံအထိ တင်ပို့ကြပေမယ့် အခုချိန်မှာတော့ တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာပဲ ရောင်းချနေရတယ်လို့ ဆိုပါတယ်။
ခရမ်းချဉ်သီးကို ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ပင်းတယ၊ ရွာငံ၊ ကလော စတဲ့မြို့နယ်တွေမှာ ကုန်းပေါ်နည်းနဲ့ စိုက်ပျိုးကြပြီး ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာလည်း ကျွန်းမျှောစိုက်ခင်းအဖြစ် စိုက်ပျိုးကြပါတယ်။
MK-014








