မဲခေါင်၊ သြဂုတ် ၁၅
ရှမ်းအရှေ့၊ မိုင်းတုံမြို့မှာ မြို့ကြီးဖြတ်စီးနေတဲ့ နမ့်တုံချောင်းရေကြီးလို့ ယနေ့ သြဂုတ်လ ၁၅ ရက် မနက် ၂ နာရီခန့်လောက်မှာ မိုင်းတုံ – တာဆန်းသွား လမ်းပိုင်း တစ်နေရာ ပြိုကျခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းဖြစ်တဲ့ နမ့်တုံချောင်း ရေကြီးရေလျှံမှုဖြစ်ပွားတာကြောင့် မိုင်းတုံ-တာဆန်း သွား ကားလမ်းပေါ်က တံတား တစ်ခုအနီး ကားလမ်းပိုင်း ပြိုကျသွားတာဖြစ်ပါတယ်။
မိုင်းတုံ-တာဆန်းသွားကားလမ်းပေါ်က တံတားအမှတ် ၅/၃၅ အနီး ကတ္တရာလမ်း ၁၀ ပေခန့်ပြိုကျခဲ့တာဖြစ်ပြီး မိုင်းတုံမြို့က သံလွင်မြစ်ဘက်အထွက် ဝမ်နားရွာအနီးမှာ လမ်းပြိုသွားတာပါ။






“မနက်အစောကြီး ရေသံတွေ တအားဆူညံလာတာ၊ ၅၁၉ တပ်ကင်းက လမ်းပြိုသွားပြီ အော်ပြောနေကြလို့ ညကြီးသွားကြည့်တာ ရေလုံးတအားကြီးတယ်”လို့ မိုင်းတုံ ဝမ်နားရွာသားတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လမ်းပြိုမှုကြောင့် ရှမ်းတောင်ဘက်က လာတဲ့ ကားတွေ လမ်းပြိုတဲ့ နေရာအနီးမှာ ရပ်ထားရပြီး ပြင်ဆင်လို့ မပြီးမချင်း သွားလာမှုတွေ ရပ်ဆိုင်းနေမှာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းတုံမြို့မှာ နမ့်တုံချောင်းနဲ့ နမ့်ယောင်ခယ်ချောင်းတွေဟာ မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းတွေဖြစ်ပါတယ်။
မိုးသည်းထန်ကာ မိုးဆက်တိုက်အစဉ်မပြတ်ရွာသွန်းတဲ့ နှစ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်တတ်တယ်လို့ သိရပြီး လယ်တွေရေမြုပ်ကာ၊ ရပ်ကွက်၊ အိမ်တွေထဲ ရေဝင်ရောက်တတ်ပြီး ချောင်းရေပြင်းထန်နေစဉ်ဖြတ်ကူးတဲ့ ဆိုင်ကယ်တွေ ရေနောက်မျောပါမှုတွေ ဖြစ်ပွားခဲ့ဘူးတယ်လို့ သိရပြီး အခုအခါမှာ မိုးရွာလို့ မြေသားတွေပျော့ ပြိုကျတာဖြစ်ကာ လမ်းပြိုပျက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မိုင်းတုံ-တာဆန်းကားလမ်းဟာ ၃၃ မိုင် ရှိပြီး ရှမ်းတောင်ကနေ ရှမ်းအရှေ့ကို လာတဲ့ အမှတ်-၂ ဆက်သွယ်ရေးလမ်းမ တစ်ခုဖြစ်ကာ ကုန်စည်ကူးသန်းရေးအတွက် အရေးပါတဲ့ လမ်းကြောင်း ၁ခု ဖြစ်ကြောင်းသိရပါတယ်။
MK-012








