မဲခေါင်၊ ဩဂုတ် ၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆိုင်ကယ်အသုံးပြုပြီး စီးပွားလုပ်ကိုင်နေကြသူတွေအတွက် အခက်အခဲ ဖြစ်လာတယ်လို့ ဆိုင်ကယ်တက်စီ ပြေးဆွဲနေသူတွေက ပြောပါတယ်။
တောင်ကြီးမြို့အတွင်း နေ့စဉ် လည်ပတ်နေကြတဲ့ ဆိုင်ကယ်တက်စီ၊ အမြန်ချောပို့ လုပ်ကိုင်နေသူတွေအတွက် စက်သုံးဆီ လိုသလောက် မရတာကြောင့် တချို့က လုပ်ငန်းရပ်ဆိုင်းဖို့အထိ ပြင်ဆင်ထားကြပြီလို့ ဆိုပါတယ်။
“အော်ဒါက တက်လာပြီ။ ဆီကမရှိတော့ ငြင်းလိုက်ရတယ်။ အော်ဒါ မတက်ခင် ဆီရှာဝယ်တော့လည်း ပတ်ရင်းပတ်ရင်းနဲ့ ဆီသာကုန်သွားတယ် ဘယ်မှာမှ မရဘူး။ ဆီရှာရင်း ဆီကုန် ဖြစ်နေတယ်” လို့ Foodpanda ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းကတည်းက တောင်ကြီးမြို့မှာ ပြည်တော်သာရပ်ကွက်က ဆီပန့်တစ်ဆိုင်တည်းသာ ရောင်းချနေပြီး ဒီနေ့မှာတော့ အဲဒီဆိုင် တစ်ဆိုင်အပါအဝင် ဗိုလ်ချုပ်လမ်းပေါ်က ဆိုင်တစ်ဆိုင်နဲ့ စုစုပေါင်း ၂ ဆိုင်ကသာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
တောင်ကြီး – ညောင်ရွှေ ပြေးဆွဲနေတဲ့ လိုင်းကားတွေနဲ့ ညောင်ရွှေ – အင်းလေး စက်လှေတွေလည်း စက်သုံးဆီ အခက်အခဲကြောင့် ခေါက်ရေ လျှော့ထားရပြီး ကားခ၊ စက်လှေခ တိုးကောက်လို့ မရတာကြောင့် ဈေးကြီးပေးဝယ်ရတဲ့ မှောင်ခိုဆီတွေကို အသုံးမပြုဘူးလို့ သိရပါတယ်။
“မနေ့ကဆို ၂ ကြောင်းဆွဲပြီး ဆီကပြတ်ပြီ။ နောက်ထပ် ၅ ယောက်လောက် လာမေးတာ မလိုက်နိုင်တော့ဘူး။ အခုမှ စစ်ရှောင်တွေနဲ့ လူစည်လာလို့ လုပ်စားရမလား အောက်မေ့တာ။ စိတ်ဓါတ်လုံးလုံးကျရောပဲ” လို့ ဆိုင်ကယ်တက်စီ ပြေးဆွဲသူ တစ်ဦးက ပြောပါတယ်။
ဆီပန့်အားလုံးနီးပါးနဲ့ ရပ်ကွက်အတွင်း တစ်နိုင်တစ်ပိုင် ဖွင့်လှစ်ရောင်းချနေတဲ့ ဆိုင်တွေမှာပါ အားလုံးပြတ်နေပြီး အရင်ကလိုမျိုး မှောင်ခိုရောင်းချတဲ့ဆိုင်တွေ မရှိတာကြောင့် ဆိုင်ကယ်အသုံးပြု စီးပွားရှာရသူတွေအတွက် ခက်ခဲလာတယ်လို့ ဆိုပါတယ်။
ဒီနေ့ တောင်ကြီးမြို့ ဆီပန့်တွေမှာ တစ်လီတာနှုန်းအနေနဲ့ ၉၂ = ၂၇၃၅ ကျပ်၊ ၉၅ = ၂၈၀၀ အသီးသီးပေါက်ဈေး ရှိနေပြီး မြို့ပြင် ခပ်လှမ်းလှမ်း ဆိုင်တွေမှာတော့ ဆီဝင်တဲ့အချိန် တစ်လီတာ ၅ ထောင်ကျပ် ဝန်းကျင်ဈေးနဲ့ ရောင်းချပေးနေပါတယ်။
MK-015










