မဲခေါင်၊ ဇူလိုင် ၁၆
ကယားပြည်နယ် လွိုင်ကော်မြို့က ပြတိုက်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေ လက်နက်ကိုင်ပဋိပက္ခ မြို့ပေါ်တိုက်ပွဲတွေအတွင်း ခိုးယူခံလိုက်ရတယ်လို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဘိုးထားသူတွေ ထံက သိရပါတယ်။
လွိုင်ကော် ပြတိုက်မှာထားတဲ့ ကယား(ကရင်နီ)လူမျိုးတွေရဲ့ သင်္ကေတ ဖားစည်တွေ အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ ခေတ်အဆက်ဆက်ဖော်ညွှန်းတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေပျောက်ဆုံးနေခဲ့တာလို့ သိရပါတယ်။
ပစ္စည်းစာရင်းအတိအကျမရှိတဲ့အတွက် ပြောလို့မရပေမယ့် တန်ဘိုးကတော့ သက်ဆိုင်ရာလူမျိုးစုတွေအတွက် ခန့်မှန်းမရလောက်အောင် အဖိုးတန်တာဖြစ်လို့ ဆုံးရှုံးမှုကလည်း တန်ဖိုးဖြတ်မရအောင် ကြီးမားတယ်လို့ဆိုကြပါတယ်။
“နိုင်ငံရဲ့ အမွေအနှစ်တန်ဖိုးကို နားအလည်ဆုံးကတော့ ရှေးဟောင်းပစ္စည်း မှောင်ခိုသမားတွေပါ၊ ကယားပြည်နယ်အတွင်းက မျိုးနွယ်စုတွေရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကို ဖော်ပြနေတဲ့ပစ္စည်းတွေ ဆုံးရှုံးရတယ်၊ တဖက်နိုင်ငံရောက်သွားရင် သူတို့နိုင်ငံရဲ့ အမွေအနှစ်ဖြစ်သွားနိုင်တယ်”လို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဘိုးထားသူပညာရှင် ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကယားလူမျိုးတွေရဲ့ သင်္ကေတ ဖားစည်ဆိုရင် တဖက်နိုင်ငံကိုရောက်ရှိသွားပြီး သူတို့ပစ္စည်းလို့ ပြောလိုက်နိုင်ရင် တမျိုးသားလုံးရဲ့ သမိုင်းပျောက်သွားနိုင်တယ်လို့ သူက ပြောပါတယ်။
The Hague Convention ကို မြန်မာနိုင်ငံက လက်မှတ်ထိုးတာဖြစ်လို့ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ရင် ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို နေရာရွှေ့ပြောင်းဖို့၊ မရွှေ့ပြောင်းနိုင်တာတွေကို လက်နက်ကင်းမဲ့ဇုန်အနေနဲ့ သတ်မှတ်လို့ရတယ်လို့ သိရပါတယ်။
ခုဖြစ်စဉ်မှာ ပြတိုက်အဆောက်အအုံက ဘာမှမဖြစ်ဘဲ အထဲက ပစ္စည်းတွေပဲ ပျောက်သွားတာဖြစ်ပြီး ကရင်နီက အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ တာဝန်ရှိသလို ပဋိပက္ခ ၂ ဖက်လုံးမှာ တာဝန်ရှိတာဖြစ်ကာ ပစ္စည်းတွေပြန်ရဖို့ကို အလေးထား လုပ်ဆောင်သင့်တယ်လို့ အကြံပြုကြပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုအလိုက် ရှားပါးပြီး အစားထိုးမရလောက်အောင်တန်ဘိုးရှိတဲ့ ပစ္စည်းတွေ များစွာရှိနေတာကို တန်ဖိုးသိတဲ့ရှေးဟောင်းသူခိုးတွေက ခိုးဝှက်သယ်ယူရောင်းစားနေကြတာဖြစ်ပြီး ဘာသာတရားအရ အထွဋ်အမြတ် ဘုရားကျောင်းကန်ပစ္စည်းတွေကို အခြားနိုင်ငံတွေကို သူခိုးစျေးနဲ့ရောင်းစားနေကြတာကို ကာကွယ်ဖို့၊ တားဆီးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းမြို့ဟောင်းနဲ့ ပျူခေတ်မတိုင်မီ အရှေ့တောင်အာရှမှာ အစောဆုံး ကျောက်ခေတ်သစ်(Neo Lithic Era)ယဉ်ကျေးမှုပစ္စည်းတွေ၊ ပုဂံလို ရှေးဟောင်းမြို့တော်ကြီးတွေ ဂုတ်ထိပ်တံတားလို စက်မှုဆိုင်ရာအမွေအနှစ်တွေနဲ့ တိုင်းရင်းသားလူမျိုးဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်တွေ များစွာရှိနေပြီး သူခိုးတွေ၊ တိုက်ပွဲတွေက ဖျက်ဆီးနေတာဖြစ်လို့ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ကြဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
MK-012









