မဲခေါင်၊ ဇူလိုင် ၉
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာ မီးပုံးပျံကွင်းရှိ အမှိုက်ပုံကို မွှေး(တောင်ကြီး) အမှိုက်သိမ်းက အိမ်ယာမဲ့ အရက်သမားတွေကို စောင့်ကြပ်ခိုင်းထားပြီး အမှိုက်တစ်ခါပစ် ၅၀၀ ကျပ် ကောက်ခံခိုင်းနေတယ်လို့ ကျောက်တစ်လုံးလမ်းမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
မွှေးဘက်က ၅၀၀ ကျပ်သာ ကောက်ခံခိုင်းပေမယ့် အဲဒီ အိမ်ယာမဲ့တွေဟာ လူအခြေအနေ အကဲခတ်ပြီး ပိုကောက်ခံတာ ရှိတဲ့အပြင် မထည့်တဲ့သူတွေကိုလည်း မိုက်ရိုင်းဆဲဆိုတာတွေ ပြုလုပ်နေတာကြောင့် အမှိုက်ပစ်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
“၃ ယောက်စောင့်ရင် ၁၅၀၀ ပေးရတယ်။ မပေးရင် လူကိုပဲ ရန်လုပ်တော့မလိုလို။ မွှေးက တာဝန်ပေးထားတယ် ပြောတာပဲ။ သူတို့ လူကိုလည်း ထိန်းမနိုင်ဘူး။ ဘယ်ကို တိုင်ရမလဲ မသိဘူး” လို့ ညနေတိုင်း အမှိုက်ပစ်သူ တစ်ဦးက ပြောပါတယ်။
အရင်က မွှေးကို အမှိုက်သိမ်းခအနေနဲ့ တစ်လ ၅၀၀ ကျပ်သာ ပေးဆောင်ရပေမယ့် စစ်အာဏာသိမ်း နောက်ပိုင်းကာလကတည်းက တစ်ဖြည်းဖြည်းတက်ခဲ့ပြီး အိမ်အနေအထားအရ လက်ရှိမှာတော့ အများဆုံး ၅၀၀၀ ကျပ်အထိ ကောက်ခံနေတာပဲ ဖြစ်ပါတယ်။
အခုလို ဈေးကြီးကောက်ခံနေတဲ့အပြင် တစ်ပတ်တစ်ကြိမ်လည်း ပုံမှန်လာရောက်တာမျိုး မရှိတာကြောင့် မြို့ခံတွေဘက်က နီးစပ်ရာ အမှိုက်ပုံတွေမှာ ပစ်နေကြရတယ်လို့ သိရပါတယ်။
“ကျမတို့ လာသိမ်းရင် အမှိုက်က မရှိဘူး မရှိဘူးနဲ့။ ပြီးရင်အောက်ကို ဆင်းပစ်ကြတယ်။ အဲတာလည်း ကျမတို့ပဲ သိမ်းရတာပဲဆိုတော့ မထူးဘူးဆိုပြီး ကောက်လိုက်တာ” လို့ မွှေးရဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မွှေးအမှိုက်သိမ်းကုမ္မဏီဟာ စတင်ပေါ်ပေါက်လာကတည်းက မြို့ခံတွေနဲ့ အမြဲတမ်းလိုလို ပြဿနာ ဖြစ်ပွားနေပြီး အမှိုက်သိမ်းလုပ်ငန်းကို စနစ်တကျ လုပ်ဆောင်တာမျိုး မရှိပေမယ့် ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက နှစ် ၃၀ စာချုပ်ချုပ်ဆိုထားတာကြောင့် ဖျက်သိမ်းလို့မရ ဖြစ်နေတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
MK-015









