မဲခေါင်၊ ဇွန် ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ NUG ကဇွန်လ ၂၅ ရက်ကထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးဝန်ထမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တယ်လို့ တိုင်ကြားမှုရှိခဲ့လို့ ဌာနတွင်းစစ်ဆေးလျက်ရှိပြီး စစ်ဆေးကြားနာမှုအစီရင်ခံစာနဲ့ ဆက်စပ်စာရွက်စာတမ်းများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်းနဲ့ ဗဟိုကော်မတီရဲ့ လုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။
လေးစားစွာအပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆလိုင်းအိုက်ဇက်ခင်က ဇွန်လ ၂၀ ရက်က သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သတ်ပြီးတော့ ထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတွေက NUG ကို တောင်းဆိုမှုတွေရှိပါတယ်။
တိုင်ကြားသူအမျိုးသမီးကို ဧပြီ ၃၀ ရက်က တာဝန်ကရပ်နားလိုက်တာကို လက်မခံနိုင်တာကြောင့် မိမိသဘောဆန္ဒနဲ့သာ နှုတ်ထွက်တယ်လို့ ကာယကံရှင်က NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို နှုတ်ထွက်စာပေးပို့ခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရတယ်လို့ တိုင်ကြားခဲ့တဲ့ အမျိုးသမီးနဲ့ အခြားဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ရာထူးကနေ ရပ်နားခဲ့တယ်လို့သိရပါတယ်။
တိုင်ကြားချက်နှင့်ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့မှကာကွယ်ခြင်းဆိုင်ရာမူဝါဒ (PSHEA)အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ မူဝါဒနဲ့အညီ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၂၄ ရက်က ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
CJ – 015








