မဲခေါင်၊ ဇွန် ၁၆
ရှမ်းမြောက်၊ မန္တလေး-လားရှိုုး ပြည်ထောင်စုကားလမ်းမပေါ်က သီပေါနဲ့လားရှိုးကြားက စဉ့်အင်ချောင်းကို ဖြတ်ကူးပေးနေတဲ့ ဖောင် ကမ်းကပ်စဉ်မှာ ကား ၂ စီး မနေ့ ဇွန် ၁၅ ရက် ညနေပိုင်းက ရေထဲပြုတ်ကျခဲ့တယ်လို့သိရပါတယ်။
စဉ့်အင်ချောင်းရေကျော်နေချိန် ဖြတ်သန်းခွင့်ပိတ်ထားတဲ့ ယာယီချောင်းကူးတံတားအနီးမှာ ကမ်းကူးဖောင်ဟာ ကားတွေတင်ပြီး သီပေါဖက်ကမ်းကနေ လားရှိုးဖက်ကမ်းကပ်တဲ့အချိန် ကား ၂ စီးရေထဲ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
“ကမ်းကပ်ခါနီး ၀ိတ်မမျှလို့ စောင်းပြီး ရေထဲကျတာ၊ လူအထိအခိုက်တော့ မရှိပါဘူး”လို့ သီပေါမြို့ခံ ၁ ဦး က မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ရေထဲပြုတ်ကျခဲ့တဲ့ကား ၂ စီးမှာ ခရီးသည်တင်ယာဉ်ငယ် ၁ စီးနဲ့ လားရှိုးအခြေစိုက် ကမ္ဘောဇနာရေးလူမှုကူညီမှုအသင်းကား တို့ဖြစ်တယ်လို့သိရပြီး လူအထိအခိုက်မရှိပေမယ့် ရေထဲကျနေတဲ့ကားတွေကို ဆယ်ယူတာ၊ ဖောင်ကို ပြန်လည်ပြင်ဆင်နေတာတွေကြောင့်ကားတွေ ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ဖောင်ဆိပ်နှစ်ဘက်မှာ ကားရာချီစောင့်ဆိုင်းနေရပြီး အချို့ကားတွေကတော့ သီပေါ-ပန်ညှ-ဆောင်ကြဲ-မိုင်းရယ်-လားရှိုးလမ်းကို အသုံးပြုနေကြသလို လမ်းဆိုးလို့ ကားအနည်းငယ်သာ သွာလာနေတဲ့ ကုံးမုံ-နမ္မ-မန်ပျဉ်-လားရှိုးလမ်းကိုလည်း ကျောက်ဗြုံးတွေထည့်ပြီး ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ခရီးသွားကားတွေအနေနဲ့ လမ်းပိုင်းတွေကို သေချာစုံစမ်းပြီး ရေရိက္ခာကအစ လိုအပ်တာတွေဆောင်ယူသွားလာကြဖို့ ခရီးသွားကားအသင်းတွေက တိုက်တွန်းနေကြပါတယ်။
MK-012









