မဲခေါင် ၊ ဇွန် ၈
ရှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်ရှိ ချောင်း၊ မြောင်းတွေကို ပိတ်ဆို့ပြီး နီလာရိုးမ စက်သုံးဆီအရောင်းဆိုင်က လမ်းဖောက်လုပ်နေတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေက ပြောပါတယ်။
နီလာရိုးမ စက်သုံးဆီအရောင်းဆိုင်ဟာ ရတနာသီရိနဲ့ ညောင်ဖြူစခန်းကို ခြားထားတဲ့ ပေ ၂၀ အမြင့်ရှိ အောက်ရေထွက်ချောင်းကို ပိတ်ဆို့ပြီး ဇွန်လ ၁ ရက်နေ့ကတည်းက ဆိုင်အဝင်လမ်း ဖောက်လုပ်နေတာကြောင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ရေကြီးရေလျှံမှုတွေ ကြုံနေရတာပါ။
ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက “အစက သူတို့ ၁ ရက်နေ့က ဆောက်တာကို ရပ်ကွက်က ၂ ရက်နေ့မှာ ချက်ချင်းတားတယ်။ မိုးရွာရင် ချောင်းပိတ်ထားတဲ့အတွက် ရေကြီးနိုင်တယ်ပေါ့နော်။ နောက်ရက်ရောက်တော့ အင်ဂျင်နီယာ အမျိုးသမီးတစ်ယောက်က ဒါကို သူအာမခံတယ်။ လမ်းဖောက်တာ ရပ်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ ဘာမှဆက်ဖြစ်မလာဘူး။ အခုတော့ သိတဲ့အတိုင်းပဲ” လို့ ပြောပါတယ်။
ရပ်ကွက်အတွင်း နေထိုင်သူတွေ တားဆီးခဲ့ပေမဲ့ အခုချိန်ထိ လမ်းဖောက်နေတာကို မရပ်တဲ့အပြင် တားဆီးသူတွေကို ဆောက်လုပ်ရေးဝန်ထမ်းတွေက တုတ်ဆွဲ၊ ဓားဆွဲနဲ့ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးစတင်ပြီး ၂ ရက်အကြာမှာ ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုတွေ ကြုံလာရပြီး ရတနာသီရိနဲ့ ညောင်ဖြူစခန်းရပ်ကွက်ရှိ လူနေအိမ်တွေရဲ့ အိမ်အောက်ထပ်အထိ ရေဝင်ကာ ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရတဲ့အပြင် ပြည်တော်သာရပ်ကွက်ရှိ မြစံပါယ်မင်္ဂလာခန်းမအထိ ရေတွေစီးကျနေတာကြောင့် လမ်းသွားလမ်းလာတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဖြတ်သွားဖြတ်လာ တွေ့ရှိသူတစ်ဦးက “အောက်ထပ်တွေ ရေမြုပ်ကုန်တော့ စားသောက်ကုန်တွေရော၊ အသုံးဆောင်တွေရော အကုန်မျှောပါကုန်တယ်။ စိန်ချွန်း Mart ဆိုရင် ဂိုထောင်တစ်ခုလုံး ပါသွားတယ်” လို့ ပြောပါတယ်။
လက်ရှိဖြစ်စဥ်ကို ရပ်ကွက်နေပြည်သူတွေက အထက်ကို တိုင်ကြားထားတာကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးထွန်းထွန်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်တပ်ဘက်က ပြောင်းရွှေ့လာသူ နဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က လာရောက်ကြည့်ရှုခဲ့ပြီး တားမြစ်ထားပေမယ့် ရပ်ဆိုင်းတာမျိုးမရှိသေးဘူးလို့ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆက်ပြောပါတယ်။
“အထက်ကတော့ တားထားပြီ။ သူတို့က ဆက်လုပ်နေတာ။ အခုတော့ အပြင်လူတွေ မမြင်ရအောင် သွပ်ပြားနဲ့ ၁၀ ပေပတ်လည် အထပ်ထပ်ကာပြီး လုပ်နေတာ။ အဲ့ဝင်းထဲမှာ မြေစာပုံ ပေ ၂၀ အမြင့်လောက်ရှိတယ်။ ဓာတ်ပုံက အန္တရာယ်များလို့ မရိုက်ခဲ့ရဘူး”လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေက ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းပြုစုထားပြီး လျော်ကြေးရအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားပေမယ့် ရပ်ကွက်နေပြည်သူတွေဘက်က တစ်စုံတစ်ရာ ဖြေရှင်းပေးတာမျိုး မရှိခဲ့ရင်တော့ အချက် ၃ ချက်နဲ့အတူ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
နီလာရိုးမဓာတ်ဆီဆိုင်ကို စစ်ကောင်စီထောက်တိုင် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း အပါအဝင် သူ့ရဲ့ လူရင်းတပည့်တွေ ပိုင်ဆိုင်ပြီး မြို့နယ်စည်ပင်နဲ့မီးသတ်ကို အသိမပေးဘဲ ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ဆိုင်အဝင်လမ်းဖောက်လုပ်နေတာလို့ Non CDM သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
MK-014








