မဲခေါင်၊ မေ ၂၃
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အင်းသီးခေါ် အင်းလေးကန် ကျွန်းမျောပေါ်မှာ အဓိကစိုက်ပျိုးတဲ့ ခရမ်းချဉ်သီးတွေဟာ အရင်နှစ်ထက် ဈေးကောင်းရနေပေမယ့် စိုက်ပျိုးစာရိတ်နဲ့ စိုက်တောင်သူနည်းပါးကာ ကျွန်းမျောတွေ ပျက်စီးကုန်တာကြောင့် အသီးအထွက်နှုန်းလျော့ပြီး အရှုံးပေါ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
အင်းလေးကန်အတွင်းက ကျွန်းမျောတွေဟာ ရာသီဥတုပူပြင်းတဲ့အတွက် ပျက်စီးကုန်တဲ့အပြင် အရင်ကထက် စိုက်တောင်သူ နည်းပါးတာကြောင့် အသီးအထွက်နှုန်း လျော့ကျကာ စျေးကွက်ဝယ်လိုအား ပြည့်မီအောင် မတင်ပို့နိုင်သေးဘူးလို့ သိရပါတယ်။
မနှစ်က ခရမ်းချဉ်သီးစျေး ၁ ပိဿာလျှင် ၁၀၀ ကျပ်အထိ ကျဆင်းခဲ့တဲ့အတွက် တိရိစ္ဆာန်ကျွေးတာနဲ့ ဒီအတိုင်းပစ်ထားခဲ့ရပြီး ဒီနှစ်မှာတော့ အကောင်းဆုံး ဂွတ်ရှယ်သီး ၁ ပိဿာ ၃ ထောင်ကျပ်၊ ရှယ်သီး ၂၈၀၀ ကျပ်နဲ့ အသေးသီး ၂၅၀၀ ကျပ်အထိ စျေးရနေတယ်လို့ အောင်ပန်း ကုန်စိမ်းပွဲရုံက သိရပါတယ်။
“ကျနော်က လကုန်လောက်မှ ဒီစျေးရောက်မယ်ထင်တာ ခုထဲက ရောက်နေပြီဆိုတော့ လကုန်ရင် ၃၅၀၀ လောက်အထိ တက်နိုင်မယ်၊ ပြီးတော့မှ အခြားဒေသက ထွက်လာရင် ပြန်ကျလာမယ်၊ အဓိကတော့ ပစ္စည်းမရှိလို့တက်တာပါ”လို့ အောင်ပန်းကုန်စိမ်းပွဲရုံက ဦးမောင်မောင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ခရမ်းချဉ်သီးကို ဆေးအုပ်လဲ မှဲ့ရွဲ ပျော့ပြဲထွက်ပြီး ချက်ပြုတ်လို့ မကောင်းသလို သက်တမ်းမပြည့်မှီခူးဆွတ်ရင်လဲ နုမှည့်ဖြစ်ကာ အရည်အသွေးမကောင်းတဲ့အတွက် လှီးလို့မကောင်း၊ ချက်လို့မကောင်းဘူးလို့ ဆိုပါတယ်။
အသီးကို ခူးသင့်တဲ့ အစိမ်းအချိန်မှာခူးပြီး ကျင်းနဲ့ထားကာ အကောင်းဆုံးအနေအထားတွေကို ရွေးထုတ်လို့ရတဲ့ စိမ်းဖန်ဖန့် အရောင်ရှိတဲ့အသီးကို (ကျင်းသီး)လို့ခေါ်ပြီး အပင်မှာ ဒီအတိုင်းထားရင်း မှည့်လာလို့ခူးတဲ့အသီးကို (အပင်စို)လို့ ခေါ်တယ်လို့ သိရပါတယ်။
မိုင်းသောက် ကျွန်းမျော ခရမ်းချဉ်စိုက်တောင်သူ တစ်ဦးက “အခုက စိုက်ခင်းတွေရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲထွက်သေးတာ၊ တချို့စိုက်ခင်းတွေက ပန်းပွင့်ယုံပဲရှိသေးတယ်၊ အသီးထွက်ဖို့ ရက်လိုသေးတော့ ထွက်လာရင် အမြင့်ဆုံးစျေးရဖို့တော့ မျှော်မှန်းတယ်”လို့ ပြောပါတယ်။
အသီးကြီး အသီးညီပြီး အလုံးလှတာကို (ဂွတ်ရှယ်)အတန်းအစား၊ သူ့ထက် အလုံးငယ်တာကို (ရှယ်)အတန်းအစားနဲ့ အသေးအမျိုးကိုတော့ (အသေးသီး)လို့ စျေးကွက်မှာ အမည်ပေါက်ပေါက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခရမ်းချဉ်ကို ပျိုးပင်ကနေ အပွင့်၊ အသီးအထိ ၃ လ ၄လ ကြာ စိုက်ပျိုးကြပြီး နှစ်စဉ် ဇန်နဝါရီလမှာ ၁ကြိမ်နဲ့ ယခု မေလ မှာ ၁ ကြိမ် စိုက်ပျိုးကြတာပါ။
ဒီနှစ်မှာတော့ မနှစ်ကထက် ၄ ပုံ ၁ ပုံခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြပြီး ရန်ကုန်၊ မန္တလေးတို့အပြင် ရှမ်းအရှေ့၊ ရှမ်းမြောက် သာမကမြန်မာတပြည်လုံကို တင်ပို့ရောင်းချတာရှိတယ်လို့ ညောင်ရွှေက ခရမ်းချဉ်ပွဲရုံတွေ ဆီက သိရှိရပါတယ်။
MK-012








