မဲခေါင်၊ မေ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသ၊ မန်တုံမြို့မှာ မနေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလို့ အိမ်တွေထဲ ရေတွေဝင်ကာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ကျပ်သိန်း တစ်ရာကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ မေလ ၂၂ ရက်က တနေကုန်နီးပါး ရွာသွန်းတဲ့မိုးကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့ ရေမြုပ်ကာ နေအိမ်တွေရဲ့ အတွင်းကပစ္စည်းအများအပြား ရေအတွင်းမျောပါ ပျက်စီးသွားခဲ့တာမှာ ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဘိုး ကျပ် သိန်း ၁၁၃ သိန်းကျော် ခန့်ရှိတယ်လို့ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ယနေ့မှာ ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ မန်တုံမြို့မှာ မိုးရွာလေပြင်းတိုက်လို့ နေအိမ် ၃ လုံး ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။ မန်တုံမြို့ဟာ အရှေ့က အနောက်ကို ၄၄ မိုင်၊ တောင်က မြောက်ကို ၄၀ မိုင် ကျယ်ဝန်းပြီး Sea Level ၄၁၂၆ ပေတွင် တည်ရှိကာ လူဦးရေ ၃၇၂၅၄ ၊ ကျေးရွာအုပ်စု ၃၀ နဲ့ ဖွဲ့စည်းထားတယ်လို့ ဒေသဆိုင်ရာ အချက်အလက်များအရ သိရပြီး လက်ရှိမှာတော့ PSLF/TNLA ၊ တပ်မဟာ ၃ စစ်ဒေသအတွင်းမှာ ပါဝင်နေတဲ့ မြို့ဖြစ်ကြောင်း သိရပါတယ်။
MK-012










