မဲခေါင်၊ မေ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့လားရှိုးကြားက စဉ့်အင်တံတားကို ချောင်းရေကြီးတဲ့အချိန် ခရီးသွားယာဉ်ငယ်တွေ ဖောင်နဲ့ဖြတ်ကူးနိုင်ဖို့ သီပေါမြို့ နမ့်အွန်ဆရာတော်က ဉီးစီးပြီး ရက်ပိုင်းအတွင်း ဖြတ်သန်းသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စဉ့်အင်ချောင်း ယာယီတံတားတစင်းကို ဇန်နဝါရီလကုန်ပိင်းက ဒေသခံရွသားတွေ တည်ဆောက်ပေးခဲ့တယ်လို့ သိရပြီး မိုးတွင်း ရေမြုပ်နိုင်တဲ့အတွက် ဖေါင်နဲ့ဖြတ်ကူးနိုင်ဖို့ ဆရာတော်ဦးစီးပြီး ဒေသခံတွေနဲ့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“အဲတံတားနေရာက မိုးတွင်းဆို နက်တယ်၊ တံတားကို ရေကျော်နိုင်တာကြောင့် ဖေါင်နဲ့ဖြတ်ဖို့ လုပ်တာပါ။ အရင်က ရေအရောင်က စိမ်းမဲနေတာ၊ ခုတော့ အထက်ပိုင်းက ရွှေတွေတူးနေကြတော့ ရေနောက်နေတာ၊ ဒီနမ္မချောင်းက ဒုဌဝတီထဲကို စီးဝင်တာ၊ ဒီလိုပဲ ကျင်သီတံတားလဲ မိုးတွင်းဆို မလွယ်ဘူး”လို့ ယင်းဒေသခံက မဲခေါင်ကို ပြောပါတယ်။
ယင်းဖောင်နဲ့တင်ပြီး ကုန်နဲ့ယာဉ် ၁၀ တန်ထက်မကျော်တဲ့ ကားတွေ၊ သံဃာတော်ကားတွေ၊ ပရဟိတနဲ့အိမ်စီးကားငယ်တွေ အလျဉ်းသင့်သလိုဖြတ်သန်းသွားနိုင်အောင် စီမံနေတယ်လို့ ဆိုပါတယ်။
ယင်းဖောင်ကို ပညာရှင်တွေ၊ ရွာသူရွာသားတွေနဲ့သေချာဆောင်ရွက်နေတာဖြစ်ပြီး အခုသုံးနေတဲ့ယာယီတံတားအပြင် ရေလွတ်ကင်းနိုင်မယ့် တံတား ၁စင်း ထပ်မံဆောက်လုပ် ဖို့စဉ်နေတယ်လို့လဲ သိရပါတယ်။ စီးဆင်းနေတဲ့ နမ္မချောင်းဟာ ဇွန်လကနေ စက်တင်ဘာအကုန်လောက်အထိ ရေပြည့်ရေလျှံအားကောင်းတဲ့ တောင်ကျချောင်းလို့ သိရပါတယ်။
စဉ့်အင်တံတားဟာ ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၁ရက်နေ့မှာ ဖောက်ခွဲဖျက်ဆီးခံရဖြစ်ပြီး ယာယီတံတားကို ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၂၇ ရက် ရွာသူရွာသားတွေက ၈တန်ထက်မကျော်တဲ့ ကားတွေဖြတ်သန်းသွားလာနိုင်ဖို့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ယာယီတံတံတားဖြတ်သန်းခကို တံတားစောင့်နေတဲ့ SSPP/SSA ရှမ်းလက်နက်ကိုင်အဖွဲ့က ကား ၁ စီး တစ်ခါဖြတ်ခ ကျပ် ၂ သောင်းနဲ့ ကောက်ယူနေတယ်လို့ သိရပါတယ်။
MK-012








