မဲခေါင်၊ ဒီဇင်ဘာ ၁၃
စစ်ကောင်စီနဲ့တွေ့ဆုံတဲ့သတင်းတွေအတွက် မစိုးရိမ်ကြဖို့နဲ့ ဘုံရည်မှန်းချက်အလုံးစုံပြည့်ဝတဲ့အထိ ဆက်လုပ်သွားမယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူကို ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရတဲ့ ပြည်သူလူထုတစ်ရပ်လုံးမှ မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မည်သည့်အခါမှ လျစ်လျူရှု နောက်လှည့်သွားမည့်သူများ မဟုတ်ဘူးလို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်က ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီရဲ့ စစ်စခန်းများ၊ ပြည်သူလူထုကို ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများအား တစ်ခုပြီးတစ်ခု တိုက်ထုတ်ရင်း သိမ်းပိုက်ရင်း ရှေ့ဆက်နေတယ်လို့ ဆိုပါတယ်။
တစ်ဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်နဲ့ (၃) ဖွဲ့စလုံးရဲ့ စုပေါင်းရည်မှန်းချက်ဟာလည်း အတိုင်းအတာတစ်ခုအထိ ပြည့်ဝပေမယ့် အလုံးစုံပြည့်ဝဖို့အတွက်တော့ အချိန်ကာလတစ်ခုအထိ တိုက်ပွဲဝင်ရအုံးမယ်လို့ ဆိုပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင်းက စစ်ကောင်စီစခန်း ၂၅၀ ကျော်၊ တအာင်း(ပလောင်)ဒေသတွင်းက စစ်ကောင်စီစခန်း ၅၀ ကျော်၊ ရခိုင်ပြည်နယ်က စစ်ကောင်စီရဲ့ ဗျူဟာစခန်းကြီး ၂ ခုနဲ့ ရဲစခန်းတွေကို ညီနောင်မဟာမိတ်နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
အဲ့ဒီလိုသိမ်းပိုက်ပြီးတဲ့နောက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ဖို့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်အသိပေးပါတယ်။
အပစ်ရပ်တွေ့ဆုံမှုအတွက် ပြည်သူတွေက စိုးရိမ်စိတ်တွေဖြစ်လာပြီးနောက်ပိုင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က စိုးရိမ်မှုတွေမဖြစ်ကြရန် အခုလို ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။
#MeKongNews
#မြောက်ပိုင်း
#မဟာမိတ်
#သုံးဖွဲ့
#မစိုးရိမ်
#စစ်ကောင်စီ








