မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်း တစ်ခုကို နိုဝင်ဘာ ၂၃ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ် အစိုးရထံ ပြန်လွှဲပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
နန့်ခမ်းမြို့နယ် အတွင်းက ကျားဖြန့်ဂိုဏ်းကို SSPP စီးနင်းရာ တရုတ်နိုင်ငံသား ၈၈ ဦး၊ မြန်မာနိုင်ငံသား ၂၈ ဦး၊ စုစုပေါင်း ၁၁၆ ဦးနဲ့အတူ ကွန်ပြူတာ ၁၄၅ လုံး၊ ဖုန်း ၂၀၄ လုံး၊ တရုတ်ငွေ ၁၉,၁၅၀ ယွမ်၊ မီးခံသေတ္တာ တစ်လုံး၊ Land Cruiser ကား တစ်စီး သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၈၈ ဦးကိုတော့ နိုဝင်ဘာ ၂၃ ရက်မှာပဲ တရုတ်အစိုးရထံ ချက်ချင်း လွှဲပြောင်း ပေးခဲ့ပြီး မြန်မာနိုင်ငံသား ၂၈ ဦးကို စစ်ဆေးကာ လိုအပ်သလို ဆက်လက် ဆောင်ရွက်မယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ပြည်သူ့စစ်နဲ့ လက်နက်ကိုင်အဖွဲ့တွေ အကာအကွယ် ပေးထားပြီး ဒီလုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံဟာ တစ်လကို အမေရိကန် ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ ခန့် ဆုံးရှုံးနေတယ်လို့ တရုတ်သတင်းတွေက ဖော်ပြပါတယ်။
ဒီအခြေအနေတွေကြောင့် တရုတ်အစိုးရက ကျားဖြန့် လုပ်ငန်းတွေကို ဖိအားပေး ဖမ်းဆီးနေသလို လက်ရှိ ညီနောင် ၃ ဖွဲ့က ငွေလိမ်ဂိုဏ်းတွေကို အရေးယူဖို့ဆိုပြီး “၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
MK-007
#MeKongNews
#နမ့်ခမ်းမြို့နယ်
#SSPP
#ကျားဖြန့်ဂိုဏ်း