မဲခေါင်၊ နိုဝင်ဘာ ၁၄
တရုတ်-မြန်မာ ကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် ပို့ကုန်၊ သွင်းကုန်တွေကို တရုတ်နိုင်ငံ တာလော့စစ်ဆေးဂိတ်ကို ဖြတ်သန်းသွားမယ့် ကုန်စည်တွေကို အခွန်ယာယီလျှော့ပေါ့ပေးမယ်လို့ အခွန်ဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မှ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းက ညီနှောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့လို့ တရုတ်-မြန်မာကုန်သွယ်ရေးမှာလည်း လုံးဝရပ်တန့်နေတာပါ။
ထိုကြောင့် တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်မှတစ်ဆင့်ဖြတ်သန်းသွားမယ့် တင်သွင်းမယ့်ကုန်တွေနဲ့ တင်ပို့မယ်ကုန်တွေကို အခွန်ထက်ဝက်ခန့်လျော့ပေါ့ တင်ပို့ခွင့်ပြုမယ်လို့ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
အဆိုပါ အသိပေး ကြေညာချက်ဟာ နိုဝင်ဘာလ (၁၃) ရက်မှာ စတင်အကျုံးဝင်မှာဖြစ်ပြီး ပြောင်းလဲမှုရှိပါက ထပ်မံအသိပေး ကြေညာသွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။
တိုက်ပွဲအခြေနေတွေကြောင့် ကုန်သွယ်ရေးရပ်တန့်မှုအပေါ် စစ်ကောင်စီဘက်က မည်သည့်တရုတ်နယ်စပ်ကဖြစ်စေ၊ တင်သွင်းခွင့်ပြုထားပေမယ့် လမ်းခရီးကြာမြင့်ချိန်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်နေတဲ့အတွက် ကုန်သွယ်ရေးရပ်တန့်ထားရတယ်လို့ သိရပါတယ်။
“အခုတိုက်ပွဲက မှန်းမရဘူး၊ ဘယ်လောက်ကြာမယ်ဆိုတာ၊ ကုန်သည်က လမ်းကြောင်းသစ်ရှာနေတယ်၊ အခုထိအဆင်မပြေသေးဘူး၊ ဂိတ်ဖြတ်ခွင့်တွေ၊ အခွန်တွေလျော့ပေါ့ပေမယ့်၊ လမ်းတောက်လျှောက်လုံခြုံရေးအခြေနေ၊ နောက်ကွေ့ဝိုက်သွားရလို့ ကုန်ပစ္စည်းပုပ်သိုးပြီး အရင်းပါမကျန်တဲ့အခြေနေတွေကြောင့် ကုန်သွယ်ရေးရပ်ဆိုင်းထားတယ်” လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
ရှမ်းမြောက်တိုက်ပွဲအခြေနေတွေကြောင့် တရုတ်ဘက်သို့ လယ်ယာထွက်ကုန်များ ကျိုင်းတုံ၊ မိုင်းလားဘက်က တင်ပို့ခဲ့သော်လည်း ပယ်သီးအများအပြားထွက်ကာ ဆုံးရှုံးနစ်နာမှုတွေဖြစ်ပြီး ကုန်သွယ်မှု ရပ်တန့်ထားလိုက်ပြီလို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။
MK-006
#MeKongNews
#မိုင်းလား
#ကုန်သွယ်
#တရုတ်
#နယ်စပ်