မဲခေါင်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ကောင်စီ (၆၀၀၆) အမြောက် တပ်ရင်းကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့၊ မနက် ၁၀ နာရီမှာ (၆၀၀၆) တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ရာ တပ်ရင်း ဘောလုံးကွင်းအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထွက်ပြေးခဲ့ရပြီး ထိခိုက် သေဆုံးမှုကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
(၆၀၀၆) အမြောက် တပ်ရင်းဟာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေလို့ တန်ပြန် တိုက်ခိုက်တာလို့ Kanbalu Underground Warriors အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်၊ မနက်ပိုင်းကလည်း ကန့်ဘလူ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ (၆၀၀၆) အမြောက် တပ်ရင်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ရာ ထွက်ပြေးလာတဲ့ ပျူစောထီး ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
MK-009
#MeKongNews
#ကန့်ဘလူ
#၆၀၀၆အမြောက်တပ်ရင်း
#ရှော့တိုက်ဒုံး