မဲခေါင်၊ သြဂုတ် ၁၆
ထိုင်းလွှတ်တော်မှာ ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းကပဲ မဲပေးပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး အန်အင်း ခေါ် ပေထောင်တန်ကို ထိုင်းနိုင်ငံရဲ့ ၃၁ ဆက်မြောက် ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။
ပေထောင်တန်ဟာ ဖွေထိုင်းပါတီခေါင်းဆောင်ဖြစ်ပြီး ဩဂုတ် ၂၁ ရက်နေ့ရောက်မှ အသက် ၃၈ နှစ်ပြည့်မယ်သူ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြစ်မှုမြောက်ကြောင်းထင်ရှားလို့ ဖွေထိုင်းပါတီ တင်ခဲ့တဲ့ ဝန်ကြီးချုပ် ဆရတ်သာကို ရာထူးက ဖယ်ရှားပြီးနောက် လွှတ်တော်မှာ မဲပေးပြီး ဖွေထိုင်းပါတီ အဆိုတင် သွင်းတဲ့ ပေထောင်တန်ကို ၃၁၉ မဲပေးပြီး ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ခဲ့တာလည်းဖြစ်ပါတယ်။
ပေထောင်တန်ဟာ ထိုင်းနိုင်ငံရေးသမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသလို အဒေါ်ဖြစ်သူ ယင်းလတ်ပြီးရင် နိုင်ငံမှာ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာပါတယ်။
ဖွေထိုင်းပါတီဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ဒုတိယမဲအများဆုံးရတဲ့ ပါတီသာဖြစ်ခဲ့ပေမယ့် ပြည်သူထောက်ခံမှုအများဆုံးရခဲ့တဲ့ Move Forward ပါတီ ခေါင်းဆောင်ကို ပြောင်းလဲရေးသမား၊ ဘုရင်တော်ဝင်မျိုးရိုးကို အကာအကွယ်ပေးမှု ဥပဒေအပေါ် ကန့်ကွက်ဖျက်သိမ်းဖို့လုပ်သူအဖြစ် စွဲချက်တင်ပြီး အစိုးရဖွဲ့ခွင့်မရအောင်လုပ်၊ ဝန်ကြီးချုပ် ရာထူး လျှောက်ထားခွင့်ပိတ်၊ နောက်ဆုံး ပါတီကိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းလိုက်လို့ မဟာမိတ် ပါတီ ၁၀ ခုနဲ့ ပူးပေါင်းပြီး အစိုးရအဖွဲ့ ထူထောင်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်သစ်ရွေးကောက်ပွဲမှာ မဟာမိတ်ပါတီ အားလုံးက ဝန်ကြီးချုပ်အဖြစ် တင်သွင်းသူ မထားရှိခဲ့ဘဲ ဖွေထိုင်းပါတီ ထောက်ခံတင်ပြသူကိုသာ အများစုက မဲပေးခဲ့လို့ ပေထောင်တန်ဟာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့တာဖြစ်ပါတယ်။
Ref: malaymail
MKF-001








