မဲခေါင်၊ ဩဂုတ် ၁၀
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ နန်းကွပ်တောင်ဘုရားကုန်းစခန်းကနေ လွိုင်ကော်မြို့ဘက်ကို ဆင်းလာတဲ့ စစ်ကား တစ်စီး မနေ့က တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးနိုင်တယ်လို့ BPDF လွိုင်ကော် တပ်ရင်းမှူးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လွိုင်ကော်မြို့ အခြေစိုက် အမြောက်တပ်၊ ဒေသအခေါ် ၅၄ တပ် တစ်ဖက်ခြမ်းမှာရှိတဲ့ ဘုရားကုန်းပေါ် စခန်းဘက်က လာတဲ့ စစ်ကားကို တော်လှန်ရေး အင်အားစုတွေ မနေ့က ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲလို့လည်း ပြောလို့မရဘူး။ ပစ်တာက ၁၀ မိနစ်လောက်ပဲ။ စစ်ကားက ရေစီးကွေ့ဘက်က လာတာ။ လွိုင်ကော်မြို့ထဲ သွားမလို့ ထင်တယ်။ ကြားဖြတ် ၀င်ပစ်လိုက်တာပေါ့” လို့ သူကရှင်းပြပါတယ်။
ပစ်ခတ်မှု ဖြစ်ဖြစ်ချင်း ၅၄ အမြောက်တပ်က လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး ဒေါနိုးကူးလမ်းပိုင်းကနေ စစ်ကားတစ်စီး၊ ရှမ်းပိုင်းလမ်းက စစ်ကား ၃ စီး စစ်ကူလာတယ်လို့ ဆိုပါတယ်။
ကြားဖြတ် တိုက်ခိုက်ခံရတဲ့ စစ်ကားကတော့ မောင်းနှင်လို့ မရအောင်ပျက်စီးသွားပြီး စစ်တပ်က ကရိန်းကားနဲ့ လာသယ်သွားကာ အထိုင်စခန်းကို အပြန် တစ်လမ်းလုံး သေနတ်နဲ့ လမ်းဘေး၀ဲယာ ချိန်သွားတယ်လို့ မျက်မြင်တွေ့သူ ဒေသခံ တစ်ဦးက ဆိုပါတယ်။
“ပုံတော့ ရိုက်လို့ မရဘူးလေ။ သေနတ်တွေနဲ့ ချိန်ပြီး ဖြတ်သွားတာ။ တောင်ပေါ်ဘက်လို့ ထင်တာပဲ။ ချောင်းကြည့်လိုက်တော့ ၃ စီးလောက်ရှိမယ်။ ချိန်ချိန်ပြီး ပြန်တက်သွားတာ” လို့ သူကပြောပါတယ်။
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှုကိုတော့ စုံစမ်းနေပြီး သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ပေးလိမ့်မယ်လို့ ဆိုပါတယ်။
ရေစီးကွေ့ဒေသ၊ နန်းကွပ်တောင် ဘုရားကုန်း အပါအ၀င် အနီးအနားက တောင်သုံးလုံးဟာ နယ်မြေနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်တာကြောင့် လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် -ဒကစ က ကြီးကြပ်နေတယ်လို့ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဘုရားကုန်းတောင်ဟာ မတ်စောက်ပြီး အထိုင်တပ်စခန်းကနေ လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်တာကြောင့် ဒကစ တိုက်ရိုက် အမိန့်နဲ့ တပ်စွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဘုရားကုန်းတောင် တစ်၀ိုက်မှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိတ်စိတ် တွေ့နေရပြီး တောင်အနီးတစ်၀ိုက်သွားရာ လမ်းတွေမှာ ကင်းပုန်းတွေ ရှိတယ်လို့ သိရပါတယ်။
ဒီလို အခြေအနေတွေကြောင့် ပြည်သူတွေ အနေနဲ့ လွိုင်ကော် အမြောက်တပ် အနီး၊ နန်းကွပ် ဘုရားကုန်းနဲ့ တောင်သုံးလုံး ဘက်ကို သွားလာဖြတ်သန်းမှုတွေ လုံး၀ မပြုလုပ်ကြဖို့ ကရင်နီ တော်လှန်ရေး အင်အားစုတွေက အသိပေးထားပါတယ်။
MK-007
#Mekongnews
#လွိုင်ကော်
#BPDF
#အမြောက်တပ်