မဲခေါင်၊ ဧပြီ ၂၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်တွေ အသုံးပြုတဲ့ ဆောင်းဖွေးဆေးရုံကို ဒီကနေ့ ဧပြီလ ၂၅ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ စစ်ရှောင် တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
စစ်လေယာဉ်ပေါ်က ဆေးရုံကို ပွိုင့် 5 နဲ့ အတွဲလိုက်ပစ်ပြီးနောက် ဗုံကြဲချလို့ ဆေးရုံ တက်နေသူတွေနဲ့ လူနာစောင့်တွေ ထိခိုက်နိုင်ပြီး အသေးစိတ်ကို မဲခေါင်သတင်း အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။
“ ဆေးရုံနဲ့ ဘေးပတ်ပတ်လည်ကို ၄ လုံးကျတယ်။ ပထမ အလုံးက ဆေးရုံရှေ့တည့်တည့်ကို ကျလို့ ရပ်နေတဲ့သူတွေ ထိတာ။ စစ်ဘေးရှောင်တွေကို ကုပေးနေတဲ့ ဆေးရုံကို ဗုံးလာကြဲတာ” လို့ သူက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဆေးရုံနဲ့ စာသင်ကျောင်းတွေမကျန် ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၁၀ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင် ၁၃၄ ဦးအထိ ရှိလာတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု-PKPF ရဲ့ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
CJ-004
#MeKongNews
#ဖယ်ခုံ #ဆေးရုံ #ဗုံးကြဲ