မဲခေါင်၊ ဧပြီ ၃၀
လူရည်ချွန်စခန်းရှိတဲ့ တောင်ကြီး အထက(၁) ပတ်လည်ကို လမ်းပိတ်ထားလို့ ကားသမားတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေထံကနေ ဒီနေ့ သိရပါတယ်။
ကျောင်းတောင်ဘက်ခြမ်းဖြစ်တဲ့ အရှေ့မြို့ပတ်လမ်းနဲ့ မြောက်ဘက်က ဘုရင့်နောင်လမ်းကို ဒီနေ့မနက်ကစပြီး အရံအတားတွေနဲ့ ပိတ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် သစ်တောရပ်ကွက်လမ်းကနေ ပတ်သွားနေရတယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
မြို့ပတ်ကားအသုံးပြုပြီး သွားလာနေသူတွေအနေနဲ့လည်း ပုံမှန်လမ်းအတိုင်း မဟုတ်ဘဲ ကွေ့ပတ်သွားနေတာကြောင့် အထက (၁) တဝိုက်ကနေ မြို့ပတ်ကားစီးဖို့ အခက်တွေ့နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ပုံမှန် အရှေ့မြို့ပတ်လမ်းကိုပဲ အသုံးပြုနေရတဲ့ မြို့ပတ်ကားသမားတွေ၊ ကုန်ကားကြီးတွေနဲ့ ခေါက်တိုပစ္စည်းပို့သူတွေဟာ အခုလို အရှေ့မြို့ပတ်လမ်းကိုပိတ်လိုက်တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကုန်တင်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
“ကလေးတွေကို ဘယ်သူမှ ဘာမှမလုပ်ဘူး။ သူတို့ဖာသာကြောက်ပြီး လမ်းတွေလျှောက်ပိတ်နေတာ။ ဆီဈေးကကြီးရတဲ့အထဲ လမ်းတွေကိုပတ်မောင်းနေရတယ်” လို့ သူက ပြောပါတယ်။
လူရည်ချွန်စခန်းကိုပြုလုပ်ဖို့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားတာကြောင့် အခုလို လုံခြုံရေးကို လိုတာထက်ပို တင်းကြပ်နေတာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်နေကြပါတယ်။
တောင်ကြီး အထက(၁)မှာ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွင်း ထူးချွန်ဆုရတဲ့ ဒသမတန်း လူရည်ချွန်တွေကို လေ့လာရေးခရီးအဖြစ်လာရောက် စခန်းချနေတာဖြစ်ပါတယ်။
စခန်းချနေစဉ်ကာလအတွင်း ကျောင်းသားတွေကို အပြင်ထွက်ခွင့်မပြုထားပေမယ့် ကျောင်းအနီးက Night 38 ညဈေးကိုလည်း စစ်ကောင်စီက ၆ ရက် ပိတ်ခိုင်းထားပါတယ်။
CJ – 001
#MeKongNews
#တောင်ကြီး
#လူရည်ချွန်
#အထက ၁