မဲခေါင်၊ စက်တင်ဘာ ၃
တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်ထဲက နေအိမ်တစ်လုံးမှာ နေ့ခင်းဘက်အချိန် ဖောက်ထွင်းခိုးယူ ခံလိုက်ရတယ်လို့ မြို့တွင်း သတင်းအရင်း အမြစ်တွေထံက သိရပါတယ်။
စက်တင်ဘာ ၂ နေ့လည် ၁ နာရီနဲ့ ၂ နာရီကြား အချိန်လောက်မှာ ဖောက်ထွင်းခံရပြီး သိန်း ၈၀ ဖိုးနီးပါး ခိုးယူခံလိုက်ရတယ်လို့ အိမ်ရှင်ဖြစ်သူက ပြောပါတယ်။
“ခွေးကို Spa သွားပို့တုန်း ဖြစ်သွားတာ။ အပြင်သော့ကို မဖျက်ဘဲနဲ့ နောက်ပေါက်က ဖောက်ဝင်သွားတာ။ အခန်းထဲက သော့အသေးကို ဖျက်ပြီးတော့ ဗီဒိုကို ရိုက်ဖွင့်ပြီး အကုန်ယူသွားတာ။ တစ်ခန်းလုံး မွှေသွားတာ”လို့ သူက ပြောပါတယ်။
သူခိုးဟာ မှန်တင်ခုံ ဗီရိုသော့၊ အခန်းသော့နဲ့ ခရီးဆောင်လက်ဆွဲအိတ် စတဲ့သော့တွေကို မိနစ်ပိုင်းအတွင်းမှာ ရအောင်ဖျက်ပြီး ဖောက်ထွင်းသွားတာလို့ ဆိုပါတယ်။
ဖောက်ထွင်းမှုဖြစ်စဉ်မှာ ဟန်းချိန်း၊ ဖီချူး၊ ဆွဲကြိုး၊ Ipad နဲ့ ငွေသား ၂၂ သိန်း ပါသွားပြီး စုစုပေါင်းတန်ဖိုး သိန်း ၈၀ လောက် ရှိတယ်လို့ သိရပါတယ်။
“အိမ်က တစ်ဖက်ပိတ် လမ်းကြားထဲဆိုတော့ ဘေးအိမ် ပတ်ပတ်လည် ဝန်းရံထားတာ။ တံခါးသော့ မဖျက်ဘဲ ဝင်ခိုးတဲ့စကေးက မနည်းဘူး။ ဘေးပတ်ပတ်လည် အိမ်တွေက ခွေးတွေတော့ ဟောင်နေတယ် ပြောတယ်။ သူတို့ မေးလည်း မသိလိုက်ဘူးတဲ့” လို့ အိမ်ရှင်ဖြစ်သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ခိုးရာပါပစ္စည်းတွေကို လာရောင်းချခဲ့ရင်လည်း ဝယ်ယူတာမျိုး မလုပ်ဘဲ ဖုန်းဆက် အကြောင်းကြားပေးဖို့ အိမ်ရှင်က သတိပေးထားပါသေးတယ်။
ညောင်ဖြူစခန်းရပ်ကွက်၊ စေတီလမ်းထဲမှာ အရင်က ခိုးမှု၊ ဖောက်ထွင်းမှုတွေ တစ်ကြိမ်မှ ဖြစ်ပွားခဲ့တာမျိုး မရှိဘဲ အခုလို ဖောက်ထွင်းခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။
တောင်ကြီးမြို့ထဲမှာ ဖောက်ထွင်းခံရတဲ့ နေအိမ်တွေအပြင် ဆိုင်ကယ်တွေလည်း တစ်ပတ်ကို ပျမ်းမျှ ၂ စီးနှုန်း ပျောက်ဆုံးနေပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဟာ တစ်ကြိမ်တစ်ခါမှ အရေးယူ ဆောင်ရွက်ခဲ့တာမျိုး မရှိသေးပါဘူး။
CJ – 007
#MeKongNews
#တောင်ကြီး
#ဖောက်ထွင်းမှု
#ညောင်ဖြူစခန်းရပ်ကွက်