မဲခေါင်၊ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် တရားရုံးလမ်းဆုံ၊ နန်းရွှေကျင် (၃) ရှေ့မှာ မိသားစုနဲ့ လမ်းလျှောက်နေတဲ့ အမျိုးသားကို အမည်မသိ အမျိုးသား တစ်ဦးက ဓားနဲ့ခုတ်ပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၁ နာရီခွဲမှာ အသက် ၂၆ နှစ်အရွယ် ကိုအားဖျော့ ဆိုသူကို အမည်မသိ အမျိုးသား တစ်ဦးက ဓားနဲ့ဝင်ခုတ်ခဲ့တာ ဖြစ်တယ်လို့ ဦးလှမိုး တာချီလိတ် လူမှုကူညီမှု အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ ဖုန်းဆက်တော့ ည ၁ နာရီခွဲနေပြီ။ ဒဏ်ရာတွေ ရထားတော့ သွားပြီး ကူညီတာပါ။ ခေါင်းနဲ့ခါးမှာ ဓားဒဏ်ရာတွေ ထိထားတယ်။ ဘယ်လိုတွေ ကြောင့် ဖြစ်တယ်ဆိုတာတော့ သေချာ မသိဘူး။ လူတစ်ယောက်က ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတယ်လို့တော့ ပြောတယ်” လို့ သူကပြောပါတယ်။
ဓားခုတ်ခံရသူ ကိုအားဖျော့ ဟာ ပါကွေ့ရွာမှာ နေထိုင်သူ ဖြစ်ပြီး သူ့ကို ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်းမှ တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
MK 005
#MeKongNews
#တာချီလိတ်
#ဦးလှမိုး
#ဓားခုတ်ခံရ