မဲခေါင်၊ ဇန်နဝါရီ ၁၇
စစ်ကောင်စီက ရွှေဈေးကွက်အပေါ် ထိန်းချုပ်တင်းကျပ်လိုက်တာကြောင့် ရင်းနှီးမြုပ်နှံသူတချို့ဟာ အိမ်ခြံမြေဘက်ကို ပိုမိုဝင်စားလာပြီး ဆင်ခြေဖုန်းရပ်ကွက်တွေအထိ ဝယ်ယူမှုတွေရှိနေတယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ် နှစ်စပိုင်းကစပြီး အိမ်ခြံမြေဈေးကွက်မှာ အလှုပ်အခတ်ရှိလာပြီး ဆင်ခြေဖုန်းရပ်ကွက်တွေကို ရင်းနှီးမြုပ်နှံသူတွေက ပိုမိုစိတ်ဝင်စားလာကြတာပါ။
“ အခုငွေတန်ဖိုးကလည်း ကျမြဲတိုင်းဆိုတော့ လက်ထဲမထားချင်တော့ ဒီဘက်ပြန်လှည့်လာတဲ့သဘော၊ ရွှေနဲ့ ဒေါ်လာက နိုင်ငံတော်နဲ့ တိုက်ရိုက်ပတ်သက်နေတော့ စျေးကစားတဲ့သူတွေက နောက်ဆက်တွဲ ပြဿနာတွေရှိနိုင်တော့ ဒီဘက်ကိုလှည့်လာတာ၊ ဆင်ခြေဖုန်း မြို့နယ်တွေက မြေတွေပါလိုက်ဝယ်နေကြတာလို့” အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းလုပ်သူတစ်ဦးက ဆိုပါတယ်။
မှော်ဘီ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွေ၊ သာကေတနဲ့ သုဝဏ္ဏက မြေကွက်တွေ၊ တိုက်ခန်းတွေကတော့ သိန်း ၃၀၀ တိုက်ခန်းတွေအပြင်၊ သိန်းတစ်ထောင်အောက် မြေကွက်တွေ အရောင်းသွက်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့စွန့်တွေအပြင် ဆင်ခြေဖုန်းမြို့နယ်တွေမှာပါ စျေးကောင်းပေးဝယ်မှုတွေရှိနေပေမယ့် ပြောင်းရွှေ့နေထိုင်ဖို့ အတွက် ဝယ်တဲ့သူနည်းတယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတစ်ဦးက ပြောပါတယ်။
“ နယ်က ဆင်းဝယ်တဲ့သူတွေလည်း များတယ်၊ မြို့ပေါ်ကလူတွေလည်း ဆင်းလာကျတယ်၊ ပေ ၄၀-၆၀ သိန်း ၃၀၀ ဝန်းကျင်လေးတွေက ပိုသွက်တယ်။ ဝယ်ပြီးသူတွေက အဌား တစ်ခါတည်းပြန်ချထားတာမျိုး နေထိုင်ဖို့ဝယ်တာထက်၊ ငွေကို ရင်းနှီးမြုပ်နှံထားတဲ့သဘော” လို့ မှော်ဘီမြို့နည်းပညာတက္ကသိုလ်နားက အိမ်ခြံမြေရောင်းဝယ်လုပ်သူက ဆိုပါတယ်။
အာဏာသိမ်းပြီးချိန်က စတင်ပြီး မြန်မာငွေတန်ဖိုးကျဆင်းလာမှု၊ ဘဏ်လုပ်ငန်းတွေ အခြေမခိုင်မှုတွေကြောင့် ရင်းနှီးမြုပ်နှံသူတွေက ရွှေ၊ ဒေါ်လာ၊ ကား တွေကို ရင်းနှီးမြုပ်နှံလာရာကနေ အခုအခါမှာတော့ အိမ်ခြံမြေအပေါ် ရင်းနှီးမြုပ်နှံမှု ပိုတိုးလုပ်ကိုင်လာကြတာဖြစ်ပါတယ်။
MK-006