မယ်ဆိုင်၊ ဇန်နဝါရီ ၃၁
တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား (၁) မယ်ဆိုင်ဘက်အခြမ်းတွင် ကုန်ပစ္စည်းများအတွင်း လက်နက်ဝှက်ယူလာသည့် အသက် (၅၀) အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မယ်ဆိုင်ဘက်မှ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဘေးတွဲဆိုင်ကယ်ဖြင့် ကုန်ပစ္စည်းများအပြည့်တင်ဆောင်လာသော မြန်မာနိုင်ငံသား တစ်ဦးအား မသင်္ကာသဖြင့် ရှာဖွေရာ ကုန်ပစ္စည်းပါဆယ်ထုတ်များအတွင်းမှ ပြောင်းချောသေနတ် တစ်လက်နှင့် ကျည်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားမှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီးစကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် ယင်းပါဆယ်သေတ္တာအား မယ်ဆိုင်မြို့အတွင်းရှိ နေရာတစ်ခုမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး အတွင်း၌ ဘာပါသည်ကို ဖွင့်ကြည့်ခဲ့ခြင်းမရှိကြောင်း ထွက်ဆိုထားသည်။
ယင်းအမျိုးသားအား အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ ကုန်ပစ္စည်းများ ပြည်ပသို့ ခိုးထုတ်ရန် ကြိုးပမ်းမှု (၂၀၁၇ ခုနှစ် အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၄၂) ဖြင့် အမှုဖွင့် အရေးယူထားသည်။ လက်ရှိတွင် တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ၎င်းအား မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
Ref: Maesai Press
#MeKongNews
#မယ်ဆိုင်
#တာချီလိတ်
#သေနတ်
#မြန်မာနိုင်ငံသား








