မဲခေါင်၊ ဇန်နဝါရီ ၂၆
ကျူးဘားသို့ သင်္ဘောဖြင့် ရေနံတင်သွင်းနေမှုများကို လုံးဝဥဿုံ ပိတ်ဆို့သွားရေး သမ္မတဒေါ်နယ်ထရမ့် အစိုးရက စဉ်းစားနေသည်ဟု အမေရိကန်မှ နိုင်ငံရေးအထူးပြု သတင်းဝက်ဘ်ဆိုက် Polictico က ဖော်ပြသည်။
ကျူးဘားနိုင်ငံ၌ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ရေးကို တွန်းအားပေးရန် ထရမ့်အစိုးရက ရေတပ်ဖြင့် ပိတ်ဆို့ခြင်း အပါအဝင် နည်းဗျူဟာအသစ်များကို လေ့လာနေသည်ဟု ၎င်းကိစ္စနှင့် နီးစပ်သူများကို ကိုးကား၍ သတင်းဖော်ပြ ခဲ့သည်။
၎င်းအစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထောက်ခံကြောင်း သိရပြီး ၎င်း၏ မိဘများမှာ ကျူးဘားမှ အမေရိကန်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သူများ ဖြစ်သည်။
ထိုကဲ့သို့ ကျူးဘားအား ပိတ်ဆို့မှုလုပ်ရေး အစီအစဉ်ကို အတည်ပြုမည်လား ဆိုသည်ကို ဆုံးဖြတ်ချက် မချရသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျူးဘားတွင် လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း ဖြစ်ပေါ် လာခဲ့ပါက အစိုးရအတွင်းမှ အချို့အရာရှိကြီးများက အစီအစဉ်ကို ကန့်ကွက် တားဆီးလာနိုင်ခြေ ရှိသောကြောင့် ဖြစ်သည်ဟု သတင်းက ဆိုသည်။
ကျူးဘား၏ မဟာမိတ် ဗင်နီဇွဲလားနိုင်ငံတွင် စစ်ဆင်ရေးတစ်ရပ်ဖြင့် ခေါင်းဆောင် မာဒူရိုအား ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်က ကာရစ်ဘီယံကျွန်း နိုင်ငံအပေါ် ဖိအားပေးနေခဲ့ပြီး အလွန် အချိန်မနှောင်းမီ ကျူးဘားအနေဖြင့် သဘောတူညီချက်တစ်ခု ရယူရန် ယခုလ အစောပိုင်းတွင် လူမှုမီဒီယာပေါ်မှ သတိပေး ပြောကြားခဲ့သည်။
ယခုနှစ်ကုန်တွင် ကျူးဘားနိုင်ငံ၌ အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာရေးကို အမေရိကန်က တက်တက်ကြွကြွ ကြိုးပမ်းနေသည်ဟု ဝေါလ်စထရိဂျာနယ်ကလည်း ကြာသပတေးနေ့တွင် ရေးသား ဖော်ပြခဲ့သည်။
အမေရိကတိုက်နှင့် ပတ်ပတ်လည် အနောက်ကမ္ဘာခြမ်းတွင် တည်ငြိမ်မှုရရှိရေး ကြိုးပမ်း အားထုတ်မှုများကို ဒေါ် နယ်ထရမ့်အစိုးရက ပိုမိုအလေးထား လုပ်ဆောင်လျက်ရှိရာ ကျူးဘားနိုင်ငံကလည်း အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
အေးကျော်
Ref: NHK
#MeKongNews
#ကျူးဘား
#ရေတပ်
#ပိတ်ဆို့
#အမေရိကန်








