မဲခေါင်၊ ဇန်နဝါရီ ၁၃
ဆိုရှယ်လစ် အာဏာရှင်စနစ် ကျင့်သုံးသည့် ကျူးဘားနိုင်ငံတွင် လူဦးရေ ၃ ပုံ ၁ ပုံအထိ ရောဂါစုံ ဖြစ်ပွားနိုင်သည့် ဗိုင်းရပ်စ်ဆန်း ကူးစက်ခံနေရသောကြောင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ပြိုလဲနေကာ သေဆုံးမှု အများအပြား ရှိနေသော်လည်း ယင်းဖြစ်စဉ်များကို အစိုးရက ဖုံးကွယ်ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
The Virus ဟုသာ အမည်ပေးထားရသေးသော ဗိုင်းရပ်စ်ဆန်း လွန်ခဲ့သည့် ၅ လကတည်းက စတင် ပေါ်ပေါက်လာကာ မည်မျှ သေဆုံးနေသည်ကို အစိုးရက မကြေညာဘဲ လိမ်ညာ ဖုံးကွယ်ထားကြောင်း ကျူးဘားမြို့တော် ဟာဗားနားတွင် နေထိုင်သည့် ထိပ်တန်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မန်နျူရယ် ကျူရက်စ်တာမော်ယူအာက ဆိုသည်။
ထို့ပြင် သေဆုံးမှုများအား သာမန် သေမှုသေခင်းများ အဖြစ်သာ စာရင်းသွင်း ဖျောက်ဖျက်ထားကာ အမှန်တကယ် သေဆုံးမှုမှာ ကြောက်ခမန်းလိလိ များပြားမည်ဖြစ်ပြီး ရောဂါကပ်ဘေးကြီး ဆိုက်သည်ကိုပင် နိုင်ငံတော်ကပ်ဘေး အရေးပေါ် ကြေညာချက်မထုတ်ပြန်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်ကမူ ကျူးဘား ကျန်းမာရေး တာဝန်ရှိသူများက ယင်းဗိုင်းရပ်စ်ကြောင့် ၅၂ ဦး သေဆုံးပြီး ကူးစက်မှုအသစ် ၃၈၀၀၀ ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် ကျူးဘားတွင် လက်ရှိ ကူးစက်နေသော ဗိုင်းရပ်စ်သည် ၁၀ စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ကူးစက်ရောဂါ ကပ်ဘေးကြီးဖြစ်နေကာ သေဆုံးမှုလည်း အလွန် များပြားမည်ဖြစ်ပြီး နိုင်ငံလူဦးရေ ၃ ပုံ ၁ ပုံထိ ကူး စက် ခံနေရသည်ဟု ဗြိတိန် ဆေးဘက်ဆိုင်ရာ ဂျာနယ် British Medical Journal က ဖော်ပြခဲ့သည်။
ယင်းဗိုင်းရပ်စ်သည် ရောဂါတစ်ခုတည်း၊ လက္ခဏာတစ်ခုတည်း ပြသည့် ဗိုင်းရပ်စ်မဟုတ်ဘဲ ရောဂါစုံ၊ လက္ခဏာစုံ ဖြစ်ပွားသည့် ကုသရန် အလွန် ခက်ခဲသော combined arbovirus ဗိုင်းရပ်စ်ဖြစ်သည်။
သွေးလွန်တုပ်ကွေး၊ ခြင်မှကူးစက်သည် အိုရိုပူချီရောဂါ၊ ချီကန်ဂန်းညားရောဂါ၊ အသက်ရှူလမ်းကြောင်းအား တိုက်ခိုက်သည့် H1N ဖျားနာနှင့် Covid-19 အပါ ရောဂါပေါင်းစုံ ကူးစက် ခံစားရနိုင်သည်ဟု ဆိုသည်။
ယင်းထူးခြားသည့် ဗိုင်းရပ်စ်ကူးစက်မှုမှာ တစ်ပတ်အတွင်း ၁၃၀၀၀ ရှိခဲ့သည်ဟု ကျူးဘားက အောက်တိုဘာ နှောင်းပိုင်းက ကြေညာခဲ့သော်လည်း ၃ လအတွင်း ရောဂါများ နိုင်ငံတစ်ဝန်း ပျံ့နှံ့သွားသဖြင့် ဆေးရုံများ မနိုင်မနင်း ဖြစ်ကာ ဆေးဝန်ထမ်းများ မလုံလောက်ခြင်း၊ ဆေးဝါးနှင့် ပိုးသတ်ဆေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများအားလုံး ပြိုလဲရပ်တန့်လု ဖြစ်နေရပြီဟု မျက်မြင်များက ဆိုနေကြသည်။
ယခင်ကတည်းက ကျူးဘားနိုင်ငံ ကျန်းမာရေးစနစ်သည် ပြိုလဲသည့် အနေအထားရှိခဲ့ပြီး ၃ နှစ်အတွင်း ကျန်းမာရေး လုပ်သား ၇ သောင်း နုတ်ထွက်ခဲ့သလို ဆရာဝန် ၃ သောင်း နိုင်ငံရွှေ့ပြောင်း ခိုလှုံသွားခြင်းကြောင့် ဆေးရုံများစွာ ပိတ်ထားရသည်။
ယမန်နှစ် နိုဝင်ဘာတွင် ကျူးဘားသို့ ကာရစ်ဘီယံဒေသ၌ အပြင်းထန်ဆုံးအဖြစ် မယ်လစ်ဆာ မုန်တိုင်းဝင်ခဲ့ပြီး ရေလွှမ်းမိုးကာ ရေဆိုးများ တင်ကျန်ခြင်းနှင့် အမှိုက်သိမ်းစနစ်များ ယိုယွင်းခဲ့ပြီး ခြင်ပေါက်ဖွားမှု တားမြစ်နိုင်သည့် ပိုးသတ်ဆေး မဖြန့်ဝေနိုင်ခြင်းတို့ကြောင့် လမ်းများပေါ် ညစ်ပတ်နေရာမှ ယခုလို ကူးစက်ဗိုင်းရပ်စ်ရောဂါဝင်လာ ပြီး အလောင်းများပင် သဂြိုဟ်နိုင်ရန် အခက်အခဲ များစွာရှိနေသည့် အခြေအနေသို့ ရောက်လာရခြင်း ဖြစ်သည်။
ယင်းဗိုင်းစ်မှာ အခြားနိုင်ငံများသို့ ကူးစက်ခြင်း ရှိသည်ဟု သတင်းမရသေးသော်လည်း ကျူးဘားမှ ပြန်လာသူများကို အမေရိကန်၊ ကနေဒါနှင့် ဥရောပနိုင်ငံများက ကွာရန်တင်း ဝင်ခိုင်းနေကြောင်း သိရသည်။
ကိုကလင်း
Ref:The Sun
#ကျူးဘား
#ဗိုင်းရပ်စ်ဆန်း
#ကူးစက်
#အစိုးရ
#ဖုံးကွယ်








