မဲခေါင်၊ ဇူလိုင် ၂၅
ရှမ်းတောင် အင်းလေးကန်ကနေ မြစ်ဖျားစီးဆင်းတဲ့ ဘီလူးချောင်းရေ မြင့်တက်လာနေလို့ ချောင်းအောက်ဘက်က စစ်ဘေးရှောင်တွေ သတိထားကြရန် 1008 ISSRY တော်လှန်ရေးတပ်က ယနေ့ဇူလိုင်လ ၂၅ ရက် မှာ အသိပေးလာပါတယ်။
ဘီလူးချောင်းရေအမှတ်ဟာ နှစ်စဉ်စီးဆင်းနေကြ ရေအမှတ်ထက် ကျော်လွန်လာပြီး ယမန်နေ့က ယနေ့ မနက် အထိ ၆ ပေကျော် လျင်မြန်စွာရေတက်လာနေတယ်လို့ ဆိုပါတယ်။
“ချောင်းအောက်ဘက် စစ်ဘေးရှောင်တွေ အထူးသတိထားဖို့နဲ့ အရေးပေါ် ပြောင်းရွှေ့ရန်လိုအပ်ပါက မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ထံ ချိတ်ဆက် အကူအညီတောင်းခံနိုင်တယ်”လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့(Mobye Rescue Team-MRT)က ကယ်ဆယ်ရေးလုပ်သား ခွန်မျိုးအောင်က ပြောပါတယ်။
ဘီလူးချောင်းရေကြီးရေလျှံပါက ချောင်းဘေး က ရွာတွေ ရေကြီးမှုဒဏ်ခံကြရတာဖြစ်သလို လွိုင်ကော်၊ မိုးဗြဲ ၊ ဖယ်ခုံဘက်က စစ်ဘေးရှောင်စခန်းတွေကိုလည်း ရွှေ့ပြောင်းကြရမှာလို့ သိရပါတယ်။ ဘီလူးချောင်းဘေး စစ်ဘေးရှောင်စခန်း ၄ ခုခန့်မှာ လူဦးရေ ၂၀၀၀ ကျော်ရှိနေတယ်လို့ လဲသိရပါတယ်။
1008 ISSRY တပ်ရင်းဟာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မိုးဗြဲ၊ ဖယ်ခုံ ၊ ညောင်ရွှေ နယ်ဘက်တွေမှာ စစ်ကောင်စီတပ်တွေကို တော်လှန်နေသလို မိုးဗြဲကယ်ဆယ်ရေးအဖွဲ့(Mobye Rescue Team-MRT) ကလည်း တိုက်ပွဲတွင်းဒဏ်ရာရ ပြည်သူတွေကို ကုသပေးနေပြီး စားနပ်ရိက္ခာဆေးဝါးထောက်ပံ့မှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကလေးသူငယ်ပညာရေးပိုင်းတွေ ကူညီစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။
MK-012








